Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

နာမည်အများကြီးနှင့်လူ

နာမည်အများကြီးနှင့် လူ (ဝတ္ထုတို)


အိမ်ရှေ့တံခါးကို ဖွင့်ပြီးကာမှ သူခေါင်းမဖြီးခဲ့ရသေးမှန် ပြန်သတိရသွားသည်။ ကိုယ်လုံးပေါ်မှန်ချပ်ရှေ့သို့ ပြန်လည်ရောက်သွားကာ ဆံပင်တို့ကို အနေအထားတစ်ချို့ ပြောင်းလဲသွားစေရန် ကြိုးစားကြည့်မိသည်။ ဘယ်ဘက်သို့ ခွဲကြည့်၏။ ညာဘက်သို့... နောက်... အလယ်တည့်တည့်မှနေ၍ ဘေးဘီဝဲယာချကြည့်၏။ သူအိမ်ရှေ့တံခါး ဖွင့်ထားခဲ့သည်။ အနောက်သို့တောက်လျှောက် လှန်ဖီးကြည့်ပြန်သည်။ စိတ်တိုင်းမကျသေး။ အမှန်ဆို ခေါင်းဖြီးဖို့ရန် မေ့ခဲ့ပြီးမှ အိမ်ရှေ့တံခါးကို ဖွင့်မပစ်လိုက်သင့်။ အရှေ့သို့ချ၍ ဆံစများကို ဟိုဟိုဒီဒီ လွှဲဖယ်သွားအောင် ကြိုးစားကြည့်၏။ နောက်ဆုံးမှာတော့... ဆံပင်ဆက်မဖြီးတော့ပဲ သူ၏တစ်လုံးတည်းသောဦးထုပ်ကို တွေ့ကရာယူလိုက်၍ ခပ်ငိုက်ငိုက်ကွယ်ကာဆောင်းလျှက် ဖွင့်ထားခဲ့လေသော အိမ်ရှေ့တံခါးမှ ထွက်လာလေသည်။






မြို့ပျက်ကြီးကတော့ လမ်းမပေါ်မှလူတွေကို အံ့တင်းထွေးငုံထားဖို့ကြိုးစားရင်း ကမျောကသော ထိုးရယ်နေသည်။ သူဖွင့်ချလိုက်သော အိမ်ရှေ့တံခါးပေါက်မှ ထိုရယ်သံများ တိုးဝင်လာခဲ့ဖူးလေသလား။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဖြစ်သည်ထက် မျက်နှာကိုပါမမြင်ရနိုင်တော့လောက်အောင် ခေါင်းငုံ့ဆွဲချကာ ဆက်လျှောက်လာခဲ့သည်။ ဆက်လျှောက်လာသည်။ သူ့မျက်နှာကို လူတွေမမြင်ရတော့ခြင်းကိစ္စတစ်ခုအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေလေသည်။ မြို့ပျက်ကြီးက သူ့ကိုထွေးငုံထားလိုက်မှာစိုးသဖြင့် သူငယ်ချင်းဖြစ်သူ မိုးနွယ်ထံ အရောက်သွားဖို့ စိတ်ကူးတစ်ခုရလာသည်။ သူဆောင်းထားသော ဦးထုပ်၏အောက်မှ ဦးနှောက်ထဲက ထိုစကားထွက်ကျလာပါသည်ဆိုလျှင် မြို့ပျက်ကြီးက ရယ်မောနေပေဦးမည်။


“ဒေါက်... ဒေါက်... ဒေါက်...”

သူကတော့ ထိုတံခါးမကြီးကို ခေါက်တတ်သလိုသာ ခေါက်ချလိုက်ခြင်းဖြစ်သည်။ သူ့နားထဲမှာတော့ ထိုမျှလောက်သော တံခါးခေါက်ချက်တို့ကို ကြားမိရသည့်အတွက် ဦးထုပ်ကိုအပေါ်သို့ ဆွဲမတင်လို။ အိမ်ရှည်ကြီးထဲမှ စကားသံထွက်ပေါ်လာသည်။

“ရင်နွမ်းလား၊ဝင်ခဲ့လေကွာ ဟေ့ကောင်...”

မိုးနွယ်ဆိုသည့်ကောင် သူ့နာမည်ကို ရှေ့နောက်မှားခေါ်သည်မှာ ဒါပါနဲ့ဆို (၆၉၅၅)ခေါက် ရှိသွားပြီဖြစ်သည်။ ကဗျာဆရာဖြစ်ဖို့ ကြိုးစားနေသည်ဆိုသော မိုးနွယ်မှာ ခပ်ကြောင်ကြောင်ဟာသများ မကြာခဏပြုလုပ်တတ်သူဖြစ်၏။ သူသည် စုံထောက်ဝတ္ထုများကို မဖတ်ရှုဖူးချေ။ ဒီအချိန်ဆို သူလာမည်ကိုကြိုသိနေသည်မှာလည်း ဟိုတစ်နေ့က ဖုန်းကြိုဆက်ထားခဲ့၍လည်း ဖြစ်နိုင်သည်။ ဖုန်းပြောနေကြရင်းက သူ့နာမည်ကို (၆၉၅၄)ခေါက်မြောက်အထိ ရှေ့နောက်မှားခေါ်ခဲ့သည်။ တံခါးကို ခပ်မြန်မြန်ဖွင့်၊ခပ်မြန်မြန်အတွင်းသို့ဝင်၍ ခပ်မြန်မြန်ဆောင့်ပိတ်လိုက်သည်။ ရာသီဥတုအေးလွန်းသဖြင့် မဟုတ်ပါ။ မြို့ပျက်ကြီး၏ ပေတီးပေစုတ်ရယ်သံများ အိမ်ထဲထိပါလာမည်စိုးသဖြင့်ဖြစ်သည်။ သူဦးထုပ်ကို ခေါင်းငုံ့ငိုက်စိုက် ဆောင်းထားဆဲ...။



အိမ်ရှည်ကြီး၏ တစ်ခုတည်းသော အခန်းထဲမှာတော့ မိုးနွယ်ထိုင်နေသည်။ စာရေးစားပွဲခုံပေါ်တွင် အကျအနထိုင်နေခြင်းဖြစ်သည်။ ဆောင်းထားသောဦးထုပ်ကို ချွတ်လှန်လိုက်သည့်အခါ သူ့ဆံပင်ပုံစံမှာ မည်ကဲ့သို့ဖြစ်နေမည်နည်း။ အိမ်ထဲမှာ သူတို့နှစ်ယောက်တည်း ရှိနေကြသည်။ သူဝင်လာစဉ်က အိမ်ရှေ့တံခါးကို ပြန်ပိတ်ထားခဲ့သည့်အတွက် ရယ်သံတို့တိုးဝှေ့ဝင်လာစရာ အကြောင်းမရှိနိုင်တော့။ ဦးထုပ်ကို အနည်းငယ်မျှသာ ပင့်မတင်လိုက်၍ မိုးနွယ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် ကိုယ်လုံးပေါ်မှန်မရှိပါ။ မိုးနွယ်ကတော့ ဆေးပေါ့လိပ်ကိုခဲလျှက် ကဗျာရေးနေသည်ဟု နောက်ပိုင်းသူ့စကားအပြောအဆိုများအရ သိရလေသည်။



လူသိနည်းပါးလှသော လူငယ်ကဗျာဆရာနှင့် သိကျွမ်းခဲ့ကြသည်မှာ ဟိုးငယ်ငယ်လေးကတည်းကဖြစ်၏။ ထိုသို့သိကျွမ်းခဲ့ချိန်မှ၍ သူ့နာမည်မှာ ရှေ့နောက်မှားခေါ်ခြင်းကို အမြဲလိုလို ခံခဲ့ရသည်။ (တစ်ခါတလေတော့ မှန်ပါသည်။) ခပ်ကြောင်ကြောင်ဟာသတစ်ချို့ကို မကြာခဏပြုလုပ်လေ့ရှိသော မိုးနွယ်မှာ ဆေးပေါ့လိပ်ကိုခဲလျှက် ကဗျာရေးနေတုန်းပင်ဖြစ်၏။ အမှန်ဆို အသက်ဒီလောက်လေးနှင့် ဆေးပေါ့လိပ်သောက်နေမည့်အစား အပြင်းစားယမ်းမှုန့်အပြည့်ပါသော ဒိုင်းနမိုက်တစ်လုံးကိုသာ ကိုက်ထားဖို့ သူသဘောတူနေမိသည်။ သတို့နှစ်ယောက်လုံး (၄)တန်းကို နှစ်ခါစီကျခဲ့ကြဖူး၏။ အကယ်၍ မိုးနွယ်သာ ဒိုင်းနမိုက်ခဲထားမည်ဆိုလျှင် သူ... သူ့ကို ကျစ်ကျစ်ပါအောင်သိုင်းဖက်လျှက် မီးညှိရှိုက်ဖွာခိုင်းမည်မှာ အဖြစ်မှန်တစ်ခုပင်ဖြစ်သည်။





“ရင်နွမ်း... ထိုင်ဦးကွာ၊ခဏလေး... ငါဒီကဗျာလေးပြီးအောင် ဆက်ရေးလိုက်ဦးမယ်”


(၆၉၅၆)ခေါက်... ။


“ရင်နွမ်း... ကော်ဖီဖျော်သောက်ချင်သောက်လေကွာ၊မင်းကြည့်ရတာ ချမ်းနေသလိုပ”ဲ


(၆၉၅၇)ခေါက်... ။

“ရင်နွမ်း... မင်းဒီလိုပဲ ခဏနေရင်နေဦးကွာ၊ဒီကဗျာလေးပြီးအောင်တော့ ငါဆက်ရေးလိုက်ဦးမယ်၊ကျေးဇူးပြီးတော့... ဂစ်တာတော့ မတီးပါနဲ့ကွာ၊ရင်နွမ်း... နော်...”



..... ။



ထိုကဲ့သို့သော စကားအခွန်းပေါင်း မြောက်မြားစွာတို့နှင့် (၈)ကြိမ်ခန့်နာမည်မှားယွင်းခေါ်ဝေါ်နေသည်ကို စိတ်လက်မကြည်သာစွာ ရိုးရိုးအီအီစောင့်ဆိုင်းနေခဲ့ရသည်။ အခန်းထဲမှာတော့ ဂစ်တာမရှိ ရှိလိုရှိငြားလိုက်ရှာကြည့်သောအခါ ပြတင်းပေါက်ဘောင်ပေါ်တွင် အလျားလိုက်တင်ရှိနေသော အနီရောင်ဒိုင်းနမိုက်တစ်လုံးကိုသာ သွားတွေ့လေ၏။ ပြတင်းပေါက်အပြင်ဘက်မှာ နှင်းတွေကျဆင်းမနေပါ။ လိုလိုမယ်မယ် အိတ်ကပ်ထဲက မီးခြစ်ကိုတော့ စမ်းသပ်ထားလိုက်မိ၏။



မိုးနွယ်က ဆေးပေါ့လိပ်ကို ပါးစပ်အတွင်းမှ ဖြုတ်ထုတ်လျှက်...

“ဒီလိုကွ... နွမ်းရင်ရ၊မင်းမလာခင်လေးတင်ကပဲ ငါဖီးလ်တက်လာလို့ ကဗျာထိုင်ရေးနေလိုက်တာ”


ခေတ္တမျှစဉ်းစားဟန်ပြုပြီးမှ ဆက်ပြောသည်။

“မင်းလည်း သိတဲ့အတိုင်းပဲ ရင်နွမ်းရာ၊ငါက ကဗျာရေးနေရရင် ကိုယ့်အခင်ဆုံးသူငယ်ချင်းကိုတောင် ဂရုမစိုက်နိုင်တော့ဘူးဆိုတာ”


သူတို့နှစ်ယောက်စလုံးမှာ မိဘမသိသူများ ဖြစ်လာခဲ့ကြပါသည်။


“ဒီကဗျာက ဘာအကြောင်းလဲဆိုတော့ လူငယ်ဘောလုံးသမားလေးတစ်ယောက်ရဲ့ သူ့ဘောလုံးအသင်းပေါ်ထားတဲ့ စေတနာစိတ်အကြောင်းကို ရေးပြထားတာ၊ပြီးတော့ ငါ... ငါးသုံးကဗျာဆိုက်ဒ်အပေါ်မြင်တဲ့ဟာတွေကို အသွင်ပြောင်းပြီး ရေးချထားတာပေါ့ကွာ”



“မင်းအဲဒီကဗျာကို ဘိသိက်လို့ နာမည်ပေးသင့်တယ်”


“ဘိသိက်... အေး...မဆိုးဘူးကွ၊အဲ... မဆိုးဘူးဆိုတာထက် တော်တော်လေးလတ်တဲ့နာမည်ပဲ၊ကျေးဇူး... ကျေးဇူး... ရင်နွမ်းရာ”


(၆၉၆၅)ခေါက်... ။



“ဒါနဲ့... ငါမေးစမ်းပါရစေဦး မိုးနွယ်၊မင်းတွဲနေတဲ့ ကောင်မလေးတွေ ဒီအိမ်ကို မလာကြတော့ပြန်ပါလား၊ဘယ်လိုဖြစ်တာလဲ”


“အဲဒီကောင်မလေးတွေအကြောင်း နောက်မှအေးအေးဆေးဆေး ပြောပြမယ်ကွာ၊မင်းရော ဘောလုံးကန်သေးလား၊မြို့နယ်လူရွေးပွဲရှိတယ်ဆို”


“အသင်းကနေ ငါထွက်လိုက်ရပြီကွ၊ဟိုတစ်နေ့က ထရိန်နင်ဆင်းနေတုန်း နည်းပြရဲ့မိန်းမရောက်လာပြီး သြဝါဒတွေလာခြွေနေတာနဲ့ ငါပြန်အော်ပြောလိုက်မိတယ်၊မြို့နယ်လူရွေးပွဲမှာပါ ငါ... Black list လုပ်ခံလိုက်ရတယ်”


“သြော်...ဒီလိုလား၊ငါဝမ်းနည်းပါတယ် ရင်နွမ်းရာ၊လာကွာ... လက်ဖက်ရည်ဆိုင်သွားကြရအောင်၊နောက်နာရီဝက်လောက်နေရင် ငါးသုံးကလူတစ်ချို့ အဲဒီကိုရောက်လာကြလိမ့်မယ်”



မိုးနွယ်၏စကားဆုံးသောအခါ သူဦးထုပ်ကို ခပ်ငိုက်ငိုက်ပြန်ငုံ့ဆောင်းလျှက် မိုးနွယ်ဖွင့်ပေးသော တံခါးမှနေ၍ လမ်းမပေါ်သို့ ထွက်လာခဲ့ရပြန်လေသည်။ မြို့ပျက်ကြီးကတော့ သူတို့နှစ်ယောက်ကို မသတီစရာအပြုံးမျိုးနှင့် ကြည့်နေလေ၏။ သူမိုးနွယ်ကို လက်လှမ်းတို့လိုက်ပြီး ခပ်ကုန်းကုန်းအနေအထားဖြင့် လက်ဖက်ရည်ဆိုင်ရှိရာသို့ ခပ်မြန်မြန်လျှောက်လာခဲ့လေတော့သည်။


'ထွေးခံ'လက်ဖက်ရည်ဆိုင်၏ ပေါ့ဆိမ့်အရသာကို သူတို့အကြိုက်ဆုံးဖြစ်၏။ နာရီဝက်ကျော်သည်အထိ ထိုင်ပြီးနေရသည့်အထိတိုင် ငါးသုံးကဗျာဆိုက်ဒ်ကလူ တစ်ဦးတစ်ယောက်မှ ရောက်ရှိမလာသေး။ မိုးနွယ်ကတော့ သူ့ဘိသိက်ဆိုသည့်ကဗျာကို ခပ်တိုးတိုးရွတ်ဖတ်ကြည့်နေလေသည်။ ကဗျာဆုံးသွားတော့ စိတ်သိပ်မရှည်တော့သည့်လေသံဖြင့်


“သူတို့ကလည်း နောက်ကျလိုက်တာကွာ”


'ကွန်နက်ရှင်ကျနေလို့ ဖြစ်မှာပဲ'ဟု မိုးနွယ်က ခပ်တိုးတိုးဆက်ညည်း၏။ သူ... လိုက်မရယ်မိ။ ဦးထုပ်ကို ငိုက်သည်ထက်ငိုက်အောင်သာ ဖိမဲဆောင်းနေမိသည်။



..... ။



“ရင်နွမ်း... အခုတတော ငါ... Performance တစ်ခုလောက် အရမ်းလုပ်ကြည့်ချင်နေတယ်၊ဘာလုပ်လို့လုပ်ရမယ်မှန်းလည်း မသိဘူး”


“ငါ့မှာအကြံတစ်ခု ရှိတယ်၊ဓာတ်ပုံရိုက်မယ့် ကင်မရာကောင်းကောင်းတစ်လက်ရှိရင် ရပြီ”



ထိုစကားတို့ကို ပြောလိုက်ချိန်တွင် သူ့အိတ်ကပ်ထဲမှမီးခြစ်ကို မွတ်သိပ်စွာ ဖိသပ်စမ်းကြည့်မိ၏။ မြို့ပျက်ကြီးက ကစဥ့်ကလျားထိုးရယ်ပြန်၏။ မိုးနွယ်ကသူ့ကို မယုံကြည်နိုင်စွာဆိုသလို ကြည့်သည်။ သို့သော်...


“ကင်မရာက ငါ့အိမ်မှာ အခုရှိသားပဲ၊မင်းဘယ်လိုလုပ်မှာလဲ”


“အဲဒါဆို မင်းအိမ်ပြန်သွားရအောင်၊ဓာတ်ပုံသုံးပုံလောက် ရိုက်ရုံပဲဟာ၊ဘယ်လောက်မှလည်း မကြာလောက်ပါဘူး၊သွားရင်းနဲ့လမ်းမှာ ငါပြောပြမယ်လေ၊ပြီးတော့မှ... ဒီကိုတစ်ခေါက် မင်းဘာသာမင်း ပြန်လာတော့ပေါ့”



သူတို့နှစ်ယောက် မိုးနွယ်ရဲ့အိမ်ဆီကို အပြေးပြန်လာကြပြန်သည်။ ဒီတစ်ခေါက်တော့... သူကိုယ်တိုင် တံခါးခေါက်စရာမလိုတော့...။ မြို့ပျက်ကြီးက သူတို့ကို နာကျည်းစွာရှိုက်မြိုခြင်း မပြုပစ်သေးသည်က အလွန်ကံကောင်းနေသော အချက်တစ်ချက်ဖြစ်သည်။




..... ။

..... ။

..... ။

ရပြီ။ ကင်မရာကို လိုအပ်သလို ချိန်ပြီးသွားပြီ။ သူဦးထုပ်ကို ထပ်မံငိုက်ကျသွားစေရန် ပြုပြင်ဆောင်းလိုက်သေး၏။ ဓာတ်ပုံထဲတွင် သူ့မျက်နှာ မပါဝင်လိုချေ။ အင်းလေ...ပါစရာကိစ္စလည်း မရှိတော့ပါဘူး။ ခဏနေ... ကင်မရာမီးဖျတ်ခနဲလင်းတာနဲ့ မိုးနွယ်ပါးစပ်ထဲထည့်ထားတဲ့ ဒိုင်းနမိုက်စနက်တံကို မီးရှို့ချလိုက်မည်။ ကင်မရာ၊သူတို့နှစ်ယောက်အပြင်... မြို့ပျက်ကြီး၏ ဗိုက်ခေါက်တစ်နေရာဖြစ်သော ဤအိမ်ရှည်သည်လေလည်း အစအနပင်မကျန်အောင် အားလုံးလွင့်စင်ပျောက်ကွယ်သွားရမည်ဖြစ်သည်။ ငါးသုံးကဗျာဆိုက်ဒ်မှလူများ ထိုဓာတ်ပုံကို တွေ့မြင်နိုင်စရာအကြောင်းတရားမရှိတော့နိုင်ခြင်း အဖြစ်အပျက်အတွက်တော့ သူအားနာနေမိသည်။




တစ်... ။


နှစ်... ။



သုံး... ။






!


ဖျတ်ခနဲကင်မရာထံမှ မီးပွင့်ကိုတွေ့ရသည်နှင့် သူ့ညာဘက်လက်ထဲမှ မီးတောက်တစ်ခုက မိုးနွယ်ကိုက်ခဲထားသော ဒိုင်းနမိုက်စနက်တံငယ်ဆီသို့ ရွေ့ရွေ့လျောလျော ကူးစက်လောင်မြှိုက်ပြီးသွားပြီင်္ဖြစ်သည်။ မြို့ပျက်ကြီး၏ ဝါးလုံးကွဲရယ်သံပုပ်အဲ့အဲ့မှတစ်ပါး တခြားဘာမှထူးခြားသွားခြင်းမရှိသည်ကို တွေ့မိရသည့်အခါ သူ... မိုးနွယ်၏ပါးစပ်ဆီသို့ ကမျောကသော စူးကြည့်လိုက်မိသည်။ သူ့ဘဝတစ်လျှောက် စိတ်ပျက်စရာအကောင်းဆုံး ညည်းညူသံတစ်ချက် ထွက်လာသည့်အချိန်တွင် မိုးနွယ်ကိုက်ခဲထားသော (သူထင်သည့်) ဒိုင်းနမိုက်မှာ ညစ်စုတ်စုတ် အနီရောင်ဖယောင်းတိုင်တစ်တုံးဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ ထိုနေ့မနက်က ရာသီဥတုအလွန်အေးလွန်းလှသည့်အတွက် ငါးသုံးကဗျာဆိုက်ဒ်ကလူများ လက်ဖက်ရည်ဆိုင်သို့ နာရီအနည်းငယ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့ကြကြောင်းကို နောင်အခါတွင်... မိုးနွယ်ကသူ့ကို ပြန်လည်ပြောပြခဲ့လေသည်။ ။



လင်းထက်အောင်

0 မှတ်ချက်ရေးထားသည်။:

Post a Comment