Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။   ။
..................................................................
ဒီကိုယ်ဝန်ဟာ ငါနဲ့ သွေးရိုးသားရိုးရတာမဖြစ်နိုင်ဘူး
(ကဗျာဆရာဟာ ပထမစာကြောင်းမှာ အခုလိုငြင်းဆန်ပါတယ်)
(မ)သိချင်စိတ်   က/ဖြင့်   -  ဖွင့်/ပွင့် ထွက်သွား
သရိုးသရီ ၊ ဇိုးဇိုးဇပ်ဇပ် ၊ အစိမ်းကြီး ၊ ဆပ်ဆလူး ၊ ဇိကပ်နေ ၊ဇင်ယော်တောင်မျက်လုံး
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
အခြေအနေကိုသုံးသပ်စိတ်ဟာ အချိန်အခါ အထိုက်အလျောက် ရှိ/မရှိ
သိုဝှက်မှု မရှိကြောင်းပြသရန် သင့်တွင် လတ်လတ်ဆတ်ဆတ် ခင်းကျင်းမှု လိုအပ် - (၍)
သူက စားတယ် ၊ သူ ကစား တယ် ၊သူ ကစား ရင်း စားတယ် ၊ သူက စားရင်း ကစားတယ်
ကလေးတွေတောင် တတ်/တက် တယ် ၊ လူ ကြီးတွေလည်း တောင် တက်/တတ် တယ်
(ကဗျာဆရာဟာ လက်ခံမှုအားငြင်းဆန်ပါတယ်)
ကဗျာဆရာ အား ကြည့်ပြီး ရယ်ကြပါတယ် ၊ ကဗျာဆရာ က/ကို ရယ်တာ ကို ကြည့်ပြီးနေ (ရ)တယ်
၁။ ပဋိပက္ခအား ပုံစံ ကွဲ-လွဲ-မှုအသွင် နှင့်ကြည့်ရန် ။
၂။ အနက်ပြန်မှု (၀ါ) အနက်ဖြန့် ကျက်မှု ။
၃။ အသွင်ဆောင်မှုအား အမြင်နှင့် ထိစပ်ရန် ။
၎။ ပမာဏ အား ပဏာမအဖြစ် ဆန့် ကျင်ရန် ။
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
မျိုးရိုးဗီဇ နှင့်ဆိုင်သော ဦးခေါင်းများရောင်းဝယ်ရေး ၊ သဘာဝလွန်များ၊သမ္ဘာများ၊ လွန်များ ၊ သလွန်များ
ဆင့်ကဲဖြစ်စဉ် သည် ကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက် ရှိ  - (၍)
ကွင်းဆက်များ ချိတ်ဆက်လျှက်ရှိခြင်း သည် ဖြစ်စဉ်တစ်ခု (၀ါ)
တစ်ခုထက်ပိုသော ဆင့်ကဲမှုများဖြစ် (နိုင်) သည်
(ကဗျာဆရာဟာ စကားလုံးများအား ငြင်းဆန်လိုက်ပါတယ်)
အကြမ်းဖက်မှုမရှိတဲ့ ဆန့် ကျင်မှုဟာ မွန်မြတ်တယ်
ရှိသည် ၊ ဖြစ်သည် ၊ မရှိမဖြစ် ၊ရှိလည်းဖြစ်သည်၊ မရှိလည်းဖြစ်သည်။ အရှိ ဖြစ်သည် ။
ထင်လို့ ပါ မ၀င်ဘူး ကျောင်းအစ်မရဲ့ (စကားသံအဖြစ်ပြောင်းလဲမှု)
ထင်သာထင် မ၀င်ဘူး ကျောင်းအစ်မ (မှုရင်းအဆို)
ဘာမှမမေးရင် ဘယ်လိုလိမ်ညာမှုမျိုးမှ ဖြေဆိုနိုင်လိမ့်မည်မဟုတ် !!!
အတွေးအခေါ်သည် မည်သည့်အပေါ်တွင်အခြေခံသနည်း။ (မေးခွန်းပုံစံ)
(ကဗျာဆရာဟာ ခေါင်းခါယမ်းပါတယ်)
ရှင်းလင်းချက်။    ။ ခေါင်းခါယမ်းသည်မှာ တစ်စုံတရာအား
လက်မခံခြင်းသော်လည်းကောင်း ။ မဖြစ်တန်ရာဟုသော်လည်းကောင်း၊နားမလည်ပေးနိုင်သည်ကိုလည်းကောင်း၊
လက်ခံခြင်းမှာမဖြစ်နိုင်ဟုသော်လည်းကောင်း ... လည်းကောင်း ... လည်းကောင်း.......
ဖြည့်စွက်ရန် ။    ။ သင်ထင်သမျှကို ဆက်လက်ဆွေးနွေးပါ ။
ခံစားမှုပြပုဒ် ၊ အသုံးအနှုန်းကျစ်လစ်မှု ၊ နိမိတ်ပုံ ၊လှုမှုဝန်းကျင်ဆိုင်ရာများ ၊ သမိုင်းကြောင်း
(ကဗျာဆရာဟာ ထိုမျှအထိငြင်းဆန်ပါတယ်)
ကဗျာဆရာ ဘယ်မှာလဲ ။
ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ကဗျာဆရာဟာ ကဗျာကို ငြင်းဆန်ပါတယ် ။
ကဗျာဟာ ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ရင်ခွင်ရှိန်း (FEPB)
Argumentative prose(စမ်းသပ်)
တစ် ခု ခု က ပြု လုပ် သွား ရ လောက် အောင် အ တော် ဖြစ် (ချင်) နေ ခဲ့ တယ် မ ဟုတ် လား
နားထဲစီးဝင်လာတဲ့အသံမှာ ဆာလောင်မှုဓါတ်အနည်းငယ်ပါဝင်
အနုပညာအကြောလှုပ်မှုဟာ ချော်ရည်တွေနဲ့ သူငယ်အိမ်ထဲ
ဒီနေ့ ကိုဖြတ်မှဖြစ်မယ်ဆိုမှတော့ … ရှင်သန်မှုဟာ နေရာမရတော့ဖူး။
ချစ်စဖွယ် သွားတက် ကလေးလည်းမလာ။
ဒီမှာ မေတ္တာတရားဟာ ပူလိုက် အေးလိုက် …
ကိုယ် ရလိုက်တာ ကောက်ရိုး - (မှို) များပဲ။
ဒီတနင်္ဂနွေများကြောင့် ဒီလမ်းဟာ ၊ ဒီမြင်ကွင်းဟာ  ကြိုက်ခြင်းကိုခံရ
ပလိန်းကြီးဆေးထိုးဖို့ …
ကတောင်းကြိုက်ပြီး မြောင်းနှိုက်ဖို့ …
အကောင်းကြိုက်ရင် … ဇောင်းတိုက်ဖို့ ။
လူ့ အဖွဲ့ အစည်းကိုချစ်ဖို့ မပြောနဲ့ ။ လူတစ်ယောက်ချင်းကိုတောင် မချစ်နိုင်သေးဘူး။
အဲ့ဒီတော့ တိုးတက်မှုတွေ ပြန်ယူသွားပါ။ စိမ်းလန်းစိုပြည်ရေးတွေပြန်ခေါ်သွား ။
ကိစ္စပြီးမြောက်မှုကြောင့် အခွင့်အရေးဟာ သွားကြားညပ်
ဒီပြတင်းပေါက်ဟာ ငါးမျှားချိတ်တစ်ချောင်းပဲ …
တစ်ယောက်တည်းသုံးရတာ …
လူအများနဲ့ ရုန်းရမှာ …
ကိုယ်ဟာ ဘယ်ရီသီးတွေကိုပဲ ကြိုက်နေခဲ့ ။
အနေအထားဟာ တစ်ပေနဲ့ မှကုလားပဲ …
ကိုယ့် ဖားဟာ ကိုယ့်ကို ၀င်ရိုက်ခဲ့ …
သဘောထားကွဲလွဲနေဖို့ အချိန်မရဖူး။
ကိုယ့် အသက်ရှုမှုဟာ ပရိုဂရမ် နဲ့ စနစ်တကျနဲ့ 
ဖုန်းခွက်ထဲက သူမအသံဟာ ကိုက်ခဲမှုအရင်းအမြစ်နဲ့ …
မနက်စာကို သမ်းဝေ ပစ်လိုက်တယ်။
သူ့ ဖွားအေကက်ဆက်လိုပဲ … (တစ်ယောက်ယောက်က အမြန်ပြင်ဖို့ လုပ်ထားပါ)
ရှာမရတဲ့စကားတွေအတွက် လျှာကို ခေါက် - သိမ်းခဲ့ … နှုတ်ခမ်းကိုသပ်ခဲ့
မင့် အတွက်ကုန်ကြမ်းဟာ ငါဖြစ်ပါစေ …
ဒီနေ့ ညနေ လေးနာရီ တိတိမှာ စိတ်အဆင်ပြေမှုဟာ ငါနဲ့ စောင့်ဆိုင်းခြင်းကို ကျောသပ်
မင့်အတွက် လှီးဖြတ်ပေးစရာဟာငါ့ ပစ္စုပ္ပန်ပဲကျန်တယ်။ စိတ်ကူးရှိသလိုသုံး။
ငါကတော့ ကံပေါ့။ ပြုလုပ်ခြင်းပဲ ခံမယ်။
ရင်ခွင်ရှိန်း
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
အရေပြားအနှံ့ မီးလောင်ဖုတွေ ပေါက်နေသလို
စိတ်က အဖတ်လိုက် ကွာကျလာ
စိုးရိမ်မှု့တွေ သောကတွေနဲ့ အာခေါင်တစ်လျှောက်
လက်ဖျား လက်သည်းခွံကြားထဲအထိ
ကိုယ် အေးစက် နာကျင်နေခဲ့ရ ။
သွေးသား ၊ ငွေကြေး ၊ ချစ်ခြင်းမေတ္တာ ၊ အဆင့်မှီ လူ့အဖွဲ့အစည်း
အပြုသဘောဆောင် အသက်အရွယ် အပိုင်းအခြား
" ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ကလွဲရင်
  ဘာကိုမှ သိပ်အယုံ အကြည် မရှိလှပါဘူး "
လူကို ငွေကြေးနဲ့ မျှားမယ် ဒါမှ မဟုတ်
ငွေကြေးကို လူနဲ့ ပြန်မျှားမယ် ။
ကစဥ့်ကလျား စိုးရိမ်မှု့တွေ ပူးကပ်ပျော့ခေါက်
အာခေါင်ထဲက နှိုက်ထုတ်လိုက်ရတဲ့
ခေတ်ရဲ့ လိုအပ်ချက် တောင်းဆိုမှု့တစ်ချို့
အကျိုးအကြောင်း အဆိုးအကောင်းတွေပါပဲကွယ်
အသက်ရှင် နေထိုင်မှု့ ပုံရိပ်က တစ်စ တစ်စ
မှုံရီေ၀၀ါးလာခဲ့
ကားဟွန်းသံတွေရဲ့ အောက်မှာ
ကျနော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်
ထုနဲ့ ထည်နဲ့ကို အရည်ပျော်ကျလုပြီ ။
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
Science is the Gods,
ရုပ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု့တွေကို
အားပါးတရ ရယ်မောပစ်လေ့ရှိတယ် ။
ယုံကြည်မှု့ လွန်ကဲခြင်း ဖြစ်စဉ်မှာ
အရင်းအနှီးတွေ အရမ်းများတာပဲ မြို့မလေးရယ်
အဲ့ဒီ လျှာ ဖျား လေး ပေါ့
ကြိမ်လုံးဖြစ်လိုက် ၊ ဓားသွားဖြစ်လိုက်
ဘာသာ ဗေဒရဲ့ အသိမ့်မွေ့ဆုံး ကူးလူးမှု့
အရှိတရားဟာ အပေါစား အရက်တစ်ခွက်ပဲ
တန်ဖိုးနိမ့်ကျခြင်း ၊ အရသာ ပျက်စီးခြင်း ၊ ပုံမှန် မဟုတ်ခြင်း
အနုတ်လက္ခဏာတွေနဲ့ ပြည့်နှက်နေတဲ့
ေ ဘ း ထြ က္ ဆို း က်ိ ဳ း မ ေ လ း
သက်ကွင်းထဲရောက်အောင် လာခဲ့မယ် ။          ။
- မောင်မိုးမြင့်
၁ ၆ ၂ ၂ ၀ ၁ ၂
ထန်းခြောက်ပင်
ကတ္တရာလမ်း ခပ်မဲမဲတွေ ဆုံတာပါပဲ
ထသွား ထလာ ယဉ်ကျေးမှု့နဲ့ လူငယ်တွေ
ဖွဲနဲ့ပက်သလို တဖွဲဖွဲ ၀ဲ ကျလာတယ်
ဆောင်းဝင်စရက်တွေမှာ နှင်းကိုစတင်တွေ့ရှိသူဟာ
ဓားနဲ့ခြစ်ထားတဲ့ အမှန်တရားကို လက်ဆောင်ရခဲ့မယ် ။
တကယ် ပျော်နေခဲ့တာ အမှန်လား
အမှန်က တကယ် ပျော်ကျသွားတာလား ။
လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံဟာ
အရောင်တောက်ပြီး အရမ်းထိခိုက်လွယ်နေခဲ့တယ် ။
ဘေးလွယ်အိပ်ကလေးထဲမှာ သူ့ဓာတ်ပုံလေး
ထွန်းရွှေရောင်နဲ့ ဗံဒါပင်ဟာတွဲပြီး ညနေက သန့်စင်လွန်းအားကြီးတယ် ။
အမှတ် ( ၅၇ ) ဗိုက်ပူ သစ်သားဘက်စ်ကားအိုကြီး တစ်စီး
အချစ်ကဘောလုံး အသင်းတွေကို မသိဝူး
အရပ် နည်းနည်း ပုတယ်
မုန်တိုင်းတစ်ဝက် ပန်းတစ်ဝက်နဲ့  "ဂျစ်ပစီ" လို့ ကျနော့်ကို ခေါ်တယ် ။
ငုံးဥပြုတ် ကျွေးပြီး ကောင်မလေး တစ်ယောက်ကို လက်ကိုင်ချင်တာဟာ
သွေးရိုး သားရိုး အမှား တစ်ခုဖြစ်ကြောင်း
ရန်ကုန်-မန္တလေး အမှတ်(၄) လမ်းမကြီးပေါ်မှာ မှတ်သားထားမိခဲ့
မိုးတွေ ရွာတယ်
နေတွေ ပူတယ်
နှင်းတွေ ကျတယ်
သဘာဝ အလှတရားတွေထဲမှာပါလာတဲ့ ဘေးထွက်ဆိုးကျိုးရဲ့ နာမည်
 "ညီမလေး"
လက်ရေး ၀ိုင်းဝိုင်းလေးတွေနဲ့ ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးသတ်မှတ်ချက်
ခေတ်ပေါ် ဟစ်ဟော့သီချင်းစာသား တစ်ပိုင်းတစ်စ
ပဲခူးမြို့အလွန်မှာ ဖိနပ်မစီးတာ သေရာပါ နာကျင်မှု့ဖြစ်ခဲ့တယ် ။
ခဏ ခဏ လွမ်းရအောင်
ချစ်သူတွေ ခဏ ခဏ နမ်းကြတာလား
ယုန်မလေး
ပွတ်သပ်ကြည်စယ်တက်တဲ့ လက်ဗွေရာတွေ ပြန်ပေးပါ
လမ်းမကြီးကတော့ အရင်လို ခပ်မဲမဲပါပဲ
ကားတွေ ပိုများလာတယ်
၅၀ ပေးရင် ကြိုက်သလောက် စီးလို့မရတော့ဘူး
လမ်းထိပ်က ပိတောက်ပင်ကြီး တော်တော် အိုနေပြီ ။
ကမ္ဘာကြီးလည်း ပြားသွားပြီ
လမ်းတွေလည်း ကောင်းကောင်း မှတ်မိနေပြီ
ပြောင်းလဲခြင်းတွေ နောက်မှာ ကျန်နေသေးတာက
ဆံပင် အရှည်တွေရယ် ၊ ရေခဲမုန့် နှစ်ခွက်ရယ်
အရှက်သည်းသည်း အိမ်မက်တွေရယ်
ဆေးလိပ် မဖြတ်နှိုင်သေးတာရယ်
ဒီလောက်ပါပဲ
အဲ့ဒီ မှတ်တိုင်မှာ ကျနော် ဆင်းပါရစေ
ထ န်းေ ခြာ က် ပ င်   ။                         ။
- မောင်မိုးမြင့်
၈ ၇ ၂ ၀ ၁ ၁
ကျွန်တော့်အဖေ
အဖေရေ....
လောကကြီးမှာငေါင်စဉ်းစဉ်းနဲ့
စဉ်းစားချင့်ချိန်တတ်အောင်
လူဘောင်မှာသွပ်သွင်းခဲ့တာလား....
အဖေရေ..
အဖေကတော့ခဏတာတဲ့
ကျွန်တော့်မှာတော့ခါးစိးပြီးခံလိုက်ရတာဗျာ
ကျွန်တော်ငြိမ်းချမ်းချင်ပါတယ်
ဒါပေမဲလောကကြီးကကျွန်တော်ကိုအသက်ရှူခွင်ပေးထားသေးတယ်
အဖေရေ
ဘ၀ဆိုတာဘာကြောင်းညာကြောင်း
ထပ်လောင်းပြောခဲ့သေးတယ်နော်
ကျွန်တော်ကတော့ခေါင်းညိတ်ခေါင်းခါ
ခြေလှုပ်လက်လှုပ် တစ်ချိန်ကျရင်သူဘာသာ
ပြိးသွားတာပဲသိနေတယ်ဗျာ......
အဖေရေ
ကျွန်တော့်အတွေးတွေဖောက်ကြည့်ချင်လား
အယူအဆတွေ စည်းမျည်းတွေရှိချင်မှရှိလိမ်မယ်
ဒါပေမဲ အဖေ
ကျွန်တော်မမိုက်တတ်သေးဘူးနော်
အဖေရေ
ပညာတတ်ကြီးဖြစ်ရမယ်လိုပြောတိုင်း
အဖေနှလုံးသားကိုကိုယ်ချင်းစာရဲ့ဗျာ
ဒါပေမဲ့ခက်တာက...............
ကျွန်တော်သိတဲ့ပညာမှာ
ညီမျှခြင်းတွေ၊ကုန်ထုတ်စွမ်းအားတွေ၊ဆေးပညာတွေ
မပါဘူးဗျာ..........
အဖေရေ
ကျွန်တော်မြင်ရတဲ့ဘ၀မှ
ဗောလောမျောတဲအမှိုက်နဲ့ဒိုက်တွေပဲ
ရှိနေလေရဲ့
အချိန်ရရင်ဆည်ချင်ပါသေးရဲ့ဗျာ........
အဖေရေ....
ဆုံးမသြ၀ါဒပြောတိုင်း
ခေါင်းငြိတ်တတ်တဲ့ကျွန်တော့်စိတ်ကို
ကြိမ်လုံးနဲ့သာရိုက်ချင်ရဲ့ဗျာ.....
ဒါပေမဲလေ.လူဆိုတာက.........
အဖေရေ..
ကျွန်တော်မျက်ရည်ကျတတ်ရဲ့လားဗျာ
ဒါပေမဲဒီကောင်တွေခုန်ဆင်းလာတိုင်း
တိကျတဲ့အဖြေတော့မရှိပါဘူးလေ
အဖေရေ.......
သတ္တ၀ါတစ်ခုကံတစ်ခုဆိုပြီး
အဖေထွက်သွားလဲ
အဖေသွေးတွေကျွန်တော်ရင်မှာမြူးတူးနေလေ၇ဲ့
ကျွန်တော်ကျေနပ်ပါတယ်အဖေ.........
ဒါပေမဲ့လေ
အဖေလိုလကာင်္ဆန်အောင်ကျွန်တော်မမိုက်တတ်သေးဘူးအဖေ
ရေခဲမြစ်၏ဆုတောင်း
ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..
ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘ၀နှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ
ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ၀ိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..
ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်...
မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
[listen] သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်...
နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော...
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ဩော်... တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ...
ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ
ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ...
ပျော်ရွှင်ပါစေ....
ချမ်းမြေ့ပါစေ....
ရွှင်လန်းပါစေ....
အေးမြပါစေ....
ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ...
ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ...
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..
ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..
တေလေ
မရေမရာဘ၀ကြီးထဲမှာ
လူရီစရာပြဇာတ်တွေကြည့်ရင်း
ကိုယ့်ပခုံးကိုယ်ထမ်း
လျှောက်ခဲ့တာ...ခရီးတစ်ဝက်ရောက်ခဲ့ပြီ
မုသာဝါဒတွေလှိုင်လှိုင်ပြော
အကျိုးအကြောင်းသင့်ရင်ပြုံးလိုက်မဲ့လိုက်
အသူရာအရည်တွေမှီဝဲ ဘာတစ်ခုမှမကောင်းတော့
များစွာသောကျေးဇူးတော်တွေကို
နောင်ဘ၀မှပဲအကျေဆပ်ပါရစေ
မငိုတတ်တဲ့ဘ၀မှာ
ဘာတစ်ခုမှကြည့်မကောင်းတော့
မငိုရက်ခဲ့ဘူး.........
ဒီအတိုင်းလည်းနေသားကျခဲ့တော့
ပြသာဒါးတွေ ရက်ရာဇာတွေ
နဂါးခေါင်းတွေလှည့်ချင်သလိုသာလှည့်ပါစေ
"တောက်" ခေါက်ရင်းပဲရင်ဆိုင်မယ်...........
အမှားလုပ်တိုင်းဦးသုံးကြိမ်ချ
လက်အုပ်ချီတိုင်း ကျေတယ်ဆိုရင်
နေတိုင်းဘုရားမှာလူစည်မှာပေါ့
တကယ်ပါ....ဘာဆုမှမတောင်းချင်တော့ဘူး
သူများတွေရေးတဲ့ပြဇာတ်ထဲ
ဝင် က ရလို့အောင်မြင်တယ်ဆိုတဲ့စိတ်
တစ်ရွေးသားမှမရှိခဲ့တာ ယုံကြည်လိုက်စမ်းပါ
ဘယ်တော့အခါမှစနစ်တကျမရှိတဲ့ဘ၀မှာ
သေသေချာချာ.......ချည်နှောင်လိုက်ပါပြီ
နောက်ဆုံးစစ်တမ်းမှာ
ချစ်သူလည်းမပါတော့ဘူး
မပူပါနဲ့လေ...........
ငါကိုယ်တိုင်လည်းမပါဘူး 
(စည်သူ)
လမ်းခွဲလမင်း
လိုအပ်ချက်တွေနဲ့ဘ၀ထဲ
မျှော်လင့်ချက်ကိုဖတ်ကြားဖို့
ဘာသာဗေဒအသစ်တစ်ခုမရှိသေးဘူး.........
လမ်းခွဲမူအတွက်လျှော်ကြေးတစ်စုံတစ်ရာ
မမျှော်လင့်ခဲ့သလို...........
ဝမ်းနည်းမူမှတ်တိုင်လည်းမစိုက်ထူခဲ့ပါ..........
ဆွေးမြေ့ခြောက်ကတ်စွာ
ရာသီတွေကုန်ဆုံးရင်း.........
ငါ့နှလုံးသားမှအဖြူရောင်စစ်စစ်ပန်းတွေ
မပွင်ဖူးတာရာစုနှစ်တွေကြာလှပေါ့.........
ဒဏာရီထဲကစာမျက်နှာမှာ
အလွမ်းတွေကိုသာရေးထိုးရင်း
ခံနိင်ရည်မဲ့စွာငါလျှောက်လမ်းနေရတော့တယ်......
နာကျင်စွာရွက်လွင့်ရင်း
နင်နဲ့ဝေးရာမှာလွင့်မျောရင်း
အထပ်ထပ်ရွက်ဆိုခဲ့တဲ့ကဗျာတစ်ပုဒ်
နှလုံးသားမှာထုပ်ပိုးလို့သိမ်းဆည်းပြီးပါပြီ
မိငယ်ရယ်................
ငါမချစ်တတ်တာမဟုတ်ဘူး
မချစ်ရက်တာပါ.........။
စည်သူ
စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက်
မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။
အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည်
တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။
အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။
ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။
သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။
အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။
အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။
လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။
လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။
အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။
ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။
တစာစာအော်သံအစွဲနဲ့  လဲကျသွားမယ့်တံတိုင်းလျှောက်သမား အဖွဲ့ အလွန် ပြောင်းပြွန်ဝမှ
နံရံကို လက်ဖျံရိုးချိုးပြီး ခပ်စပ်စပ်လေးထိုးပြလိုက်တယ်
ဒါသက်မဲ့တစ်ကောင်ရဲ့ ပုန်ကန်မှု့  ပြန်ကန်ထွက်လာတာကိုက
lisible အတုပဲ….နည်းနည်းတော့ဖုသွားတယ်
မျက်လုံးတွေအောက်မှ ဂုဏ်ပျောက်လို့ တော့မဖြစ်
မသိမသာ ခပ်တိုးတိုးဆဲဆိုမိတော့
အာရုံမပြောင်းတဲ့ ပဲ့တင်သံက လက်ခုပ်သံလား..အမြောက်သံလားမကွဲပြားတာတွေကို တအူအူထုပ်လွှင့်
အသေအကြေ ပြန်နားမိတဲ့ အတ္တနောမိစကားတွေကိုဆို
မျက်လုံးတွေ ငိုသွားတော့မှ နည်းနည်းလေးဂုဏ်မောက်နေရာကကိုယ်ယောင်ဖျောက်လိုက်တယ်
အားတဲ့အချိန်တိုင်း မသိစိတ်ကိုချေးချွတ် မှန်ကူကွပ်တပ်ဆင်
ရာဇ၀င်ထဲက အနိုင်ကျင့်တက်တဲ့ မိန်းမကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ၀ါးစား
နဖူးရည်ဘယ်လောက်..ဒူးရေဘယ်လောက် သေချာစစ်ဆေး
ပြီးမှ မျက်လုံးသေးသေးလေးတွေနဲ့  ကြိုးစွဲပြီး ပြန်တက်လာတယ်
လရောင်ကိုရှောင်သူတစ်ယောက်အဖြစ်နာမည်ကြီးလာ
အရိပ်မှာကျောကုန်းမမြင်ရတဲ့မိစ္ဆာတစ်ကောင်ပဲ
ဝိုင်းဖွဲ့ စစ်ဆေးနေတဲ့ကလေးတွေကြားမှာလည်း အနေမကြုံ့ လားမေးတော့
ငယ်ဂုဏ်လေးအေးအေးလူလူဖုန်သုတ်ခွင့်ရတာပေါ့ဗျာတဲ့
သေရော !  မေးသူသာပြောင်းသွားတယ်
 သူကတော့ ဒီတစ်ခွန်းတည်းနဲ့  ဂျက်တွေ..ပတ်လမ်းကခွဲထွက်လာတဲ့ ဂြိုလ်တွေ... စက်တပ်ယဉ်မှန်သမျှ
အို..အုတ်တံတိုင်းကိုတောင် ကြိုးတပ်ပြီးမောင်းနှင်
ကြည့်လိုက်ရင် အဲဗားစည်ပင်နေတာပဲ
 အခုဆိုလူတွေက အလင်းရောင်လိုလို့  ကိုယ့်တံခါးမင်းတုပ် ကိုယ့်လက်နဲ့ ဆွဲမဖြုတ်ချင်သလို
ကိုယ့်အလုပ်ကိုယ်လဲမလုပ်ချင်ကြတော့ဘူး
ကိုယ့်လမ်းကို ဆွဲမှောက်ထားပြီး သူများလမ်းမှာမှ
ဖြတ်လမ်းလိုက်ရှာ ပတ်ပင်းတိုးတော့မှ
တူ ......တူ....... ရေ......၀ါး ......ဆိုပြီးတော့ဗျာ….. သိပ်ဟားရတယ်
 ပြောရင်း မိုင်းနပ်(စ်) ဆုံးရင် ပလပ် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့
သေသေချာချာကိုဆိုးတဲ့အပြုံးနဲ့  ပါးစောင်မှာ ငုံထားတဲ့ မာမာချာချာ ဒါဒါတွေကို ထုပ်ပြလိုက်တယ်
လက်သည်ရှာမရအောင်လည်း လျော့လျဲနေတာတွေကို ပြန်စွဲတင် ကျကျန်ခဲ့တာမရှိရအောင် ပြန်ကုန်းကောက်
ဝင်ရိုးစွန်းက ရေလပ်ကြားတစ်ခုကို မြင်ရဖို့ အတွက်တော့ သူ့ အောက်စကို လွှတ်ထားရတာပေါ့
                                                                                                                                        ဇက်ကကြိုး