၂၀၀၇ဒီဇင်ဘာလတုန်းက ကျနော့်မှာ အနီရောင်မြို့လေးတမြို့ရှိတယ် ။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆှုပ်ထားတဲ့ ပိုက်ဆံအနွမ်းလေးကြောင့် အနည်းငယ်လူရာဝင်ခဲ့တယ် ။ အိမ်ရဲ့မျက်စောင်းထိုးမှာ ဘယ်သူ စိုက်ထားခဲ့လဲမသိတဲ့ ပိတောက်ပင် ရှိတယ် ။ ဒါနဲ့ပဲ …ကျနော့်ရဲ့လူမှုနယ်ပယ်ဟာ အတိုင်းအတာ တခုထိ စိုစွတ်ခဲ့ရတယ် ။ မျိုးရိုးဗီဇ တခုက ဖြစ်ရိုးဖြစ်စဉ် နယ်နမိတ်တွေ ပိုင်းခြားထားခဲ့… ။ ပြီးတော့ …လူဆန်တဲ့ရာသီတွေ ခဏခဏ ပျက်သုန်းသွားကြတယ် ။ ဟုတ်ပါတယ် ။ ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ နမိတ်ပုံတွေ ထပ်နေတဲ့ ကဗျာတပုဒ်လိုပဲ ဒီအသုံးအနှုန်းတွေနဲ့ ကျနော် နဲ့ ပိတောက်ပင် နဲ့ ၂၀၀၇ဒီဇင်ဘာလ နဲ့ အနီရောင်မြို့လေးနဲ့ ယဉ်ပါးလာခဲ့ကြတယ် ။ ခရမ်းရောင်ပန်းလေးတွေကို လက်ထဲမှာ ကိုင်ထားတက်တဲ့ အမည်မသိတဲ့ ကောင်မလေး တယောက်ကို ခရမ်းရောင်ပန်းလေး လိုက်ပေးဖြစ်တယ် ။ ဒါမဲ့ .. သူမ မယူသွားခဲ့ဘူး ။ သူမမျက်လုံးက ကွန်မြူနစ်ဆန်တယ် ။ ခပ်ပါးပါးလေး သူမ လှည့်ထွက်သွားခဲ့…..။ ကျနော်တို့ အနီရောင်မြို့လေးမှာ လျှပ်စစ်မီး မရှိဘူး ။ အဲ့ဒါကြောင့် သူမ အိမ်ကို ကျနော် မသိဘူး ။ ရပါတယ် ။ လူနှစ်ယောက် ချစ်ကြိုက်တဲ့ ကိစ္စမှာ လိင်ကိစ္စမပါလဲ ဘာမှ ပြဿနာမရှိပါဘူး ။ ယောင်္ကျားတယောက်က သားအိမ်ထည့်ပြီး ကလေးမွေးတဲ့ သတင်းကြားပြီးသွားတော့ လူ့အခွင့်အရေးဆိုတာကို ကျနော် သေချာစဉ်းစားဖြစ်တယ် ။ အရေပြားတထောက်စာ ဆန္ဒတွေ ကြောင်း ပြောပြတော့ သူမက ခရမ်းရောင်ပန်းလေး အစား ကျနော့်ကို လုံးချေပစ်တယ် . ခဏပါပဲ သူမ နဲ့ ကျနော်ကြားက ယဉ်ကျေးမှုက အဆင့်အတန်း သိပ်မြင့်တယ် ။ ဟုတ်ပါတယ် ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ သူမ ကို ၀န်ခံခဲ့တယ် ။ ပိတောက်ပင်မှာ ပိတောက်ပန်းမပွင့်တော့ဘူး ။ အဲ့ဒါကို သူမ မသိဘူး ။ အကြမ်းဖတ်ဝါဒီတွေက ထောက်ပံ့မှု လုံလုံလောက်လောက် ရှိတယ် ။ သူတို့ရဲ့ဘာသာတရားက သူတို့ကို ကောင်းချီးပေးတယ် ။ ကျနော် တီဗွီကို ပိတ်ပစ်လိုက်တယ် ။ မလိုအပ်တဲ့ သဘောတရားတွေက ကျနော် မရှိလဲ တည်ရှိနေဦးမှာပဲလေ…။ သက်ပြင်းချတယ် ။ ကျနော် မအိပ်တော့ဘူး ….။ အမည်မသိတဲ့ကောင်မလေးရဲ့နာမည်ကို ကျနော် သိလိုက်ရတော့လည်း အနီရောင်မြို့ပြက ဒီအတိုင်းပဲ ။ ၂၀၀ရ ဒီဇင်ဘာလမှာ မိုးရွာတာတခုကလွဲရင် ကျနော့်လက်ထဲက ပိုက်ဆံအနွမ်းလေးလည်း တဖြေးဖြေးကျဉ်းမြောင်းလာတယ် .။ အိမ်သေးသေးလေးမှာ မိသားစုတွေ စုနေသလိုပဲ တနေ့နေ့ပြဿနာဟာ ထိုးဖေါက်ဝင်ရောက်လာမှာကို သိပေမယ့်လည်း ကျနော် ညတွေကို မအိပ်တော့ဘူး ။ ထူးအိမ်သင်ဟာ ကျနော့်ရဲ့ဘုရားသခင်ဖြစ်ကြောင်း သူမကို ပြောပြဖြစ်တယ် ။ လက်မခံချင်တဲ့ အရိပ်အရောင်တွေ တွေ့ရပေမယ့် သူမ နှုတ်ဆိတ်နေခဲ့…..။ ကျနော့်အဖေ အရူးကြီး ကွယ်လွန်တဲ့နေ့က ကျနော်ရယ် ၊ လူနည်းစုရယ် အသုဘချတယ် ။ ဂီတပညာရှင် မိုးဇက် ထက်တော့ ကျနော့်အဖေ ကံကောင်းပါတယ် ။ သူမက ကျနော့်ကို ရီပြီး ကျနော်က နည်းပညာတိုးတက်မှုကို ရီနေခဲ့…..။ ဘယ်သူ့ကိုမှ မပြောပဲ ကျနော် အနီရောင်မြို့လေးက ထွက်ခွာခဲ့တယ် ။ လက်ထဲက ခရမ်းရောင်ပန်းလေးကို ကျနော် ဆှုပ်ကိုင်ထားခဲ့တယ် ။ ကျနော့်ရဲ့နေရာသစ်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတယ်။ ကျနော့်အိမ်ရှေ့မှာ ပိတောက်ပင်စိုက်မယ်လို့ စိတ်ကူးထားတယ် ။
ဘယ်အချိန်ထပေါက်မယ် မသိတဲ့ ဗုန်းတလုံး ကိုင်ထားရသလိုပဲ ။ အနီရောင်မြို့လေးမှာ ဘယ်တုန်းကမှ ကျနော် လူရာမ၀င်ခဲ့ပါဘူး..။ ကိုယ့်ကိုကိုယ် မိုးအဖြစ်ရွာသွန်းပြီး အမှန်တရားကို ငြင်းပယ်ခဲ့တယ် ။ ခရမ်းရောင်ကောင်မလေးရဲ့အသက်တ၀က်မှာ တော့ ကျနော်ဟာ သစ်တောတခုလိုပဲ (သူမ အဲ့လိုထင်လိမ့်မယ်) ။ ရုတ်တရက် ကျနော်စဉ်းစားမိတာ က ကျနော် မအိပ်ဖြစ်တဲ့နေ့တွေ အရမ်းများနေပြီဆိုတာပဲ ။ နားထဲက စကားပြောသံလိုလို ကျနော် ကြားတယ် ။ နောက်ပိုင်း ကျနော် ပိုရယ် ဖြစ်လိမ့်မယ် ။ ဒိုင်ယာရီထဲမှာ ရာစုဟာ ၂၀၀၇ ဒီဇင်ဘာလ ကနေ ရှေ့ဆက်မတက်တော့ဘူး ။ ကျနော် စာကောင်းကောင်းရေးတက်သေးတယ် ။ ခရမ်းရောင်ကောင်မလေးက ကျနော့်ကို ဓာတ်မီးလေး တခုလက်ဆောင်ပေးထားတယ် ။ ကျနော် နေရာ နောက်တခု ထပ်ရောက်သွားတယ် ။ ကျနော့်လိုလူတွေ အများကြီးပဲ ။ ကျနော့်မှာ ပိုက်ဆံအနွမ်းလေး မရှိတော့ဘူး ။ ဒါပေမယ့်…ကျနော် အခုတော့ တကယ်လူရာဝင်ပြီ ။
ကျနော် ပိတောက်ပင်ကို ငေးကြည့်နေတုန်း လူတချို့ သံတခါးကြီးကို ပိတ်လိုက်ကြတယ် ။ ဘ၀တခုအတွက် ကျနော့်ကိုယ်ကျနော် စာလှမ်းရေးတယ် ။ ဟုတ်ကဲ့…ကျနော် အရူးမျိုးရိုးပါ ။ ခရမ်းရောင်ကောင်မလေးကို ၂၀၀၇ ဒီဇင်ဘာလအတွက် အကောင်းဆုံးဇတ်ပို့ဆုပေးပြီး ကျနော့်ကိုကျနော် လုံခြုံအောင် သော့ခတ်ပစ်လိုက်တယ် ။ ။ ။
အေးချမ်း
0 မှတ်ချက်ရေးထားသည်။:
Post a Comment