Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS
Showing posts with label ရင်ခွင်ရှိန်း. Show all posts
Showing posts with label ရင်ခွင်ရှိန်း. Show all posts
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။   ။
..................................................................
ဒီကိုယ်ဝန်ဟာ ငါနဲ့ သွေးရိုးသားရိုးရတာမဖြစ်နိုင်ဘူး
(ကဗျာဆရာဟာ ပထမစာကြောင်းမှာ အခုလိုငြင်းဆန်ပါတယ်)
(မ)သိချင်စိတ်   က/ဖြင့်   -  ဖွင့်/ပွင့် ထွက်သွား
သရိုးသရီ ၊ ဇိုးဇိုးဇပ်ဇပ် ၊ အစိမ်းကြီး ၊ ဆပ်ဆလူး ၊ ဇိကပ်နေ ၊ဇင်ယော်တောင်မျက်လုံး
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
အခြေအနေကိုသုံးသပ်စိတ်ဟာ အချိန်အခါ အထိုက်အလျောက် ရှိ/မရှိ
သိုဝှက်မှု မရှိကြောင်းပြသရန် သင့်တွင် လတ်လတ်ဆတ်ဆတ် ခင်းကျင်းမှု လိုအပ် - (၍)
သူက စားတယ် ၊ သူ ကစား တယ် ၊သူ ကစား ရင်း စားတယ် ၊ သူက စားရင်း ကစားတယ်
ကလေးတွေတောင် တတ်/တက် တယ် ၊ လူ ကြီးတွေလည်း တောင် တက်/တတ် တယ်
(ကဗျာဆရာဟာ လက်ခံမှုအားငြင်းဆန်ပါတယ်)
ကဗျာဆရာ အား ကြည့်ပြီး ရယ်ကြပါတယ် ၊ ကဗျာဆရာ က/ကို ရယ်တာ ကို ကြည့်ပြီးနေ (ရ)တယ်
၁။ ပဋိပက္ခအား ပုံစံ ကွဲ-လွဲ-မှုအသွင် နှင့်ကြည့်ရန် ။
၂။ အနက်ပြန်မှု (၀ါ) အနက်ဖြန့် ကျက်မှု ။
၃။ အသွင်ဆောင်မှုအား အမြင်နှင့် ထိစပ်ရန် ။
၎။ ပမာဏ အား ပဏာမအဖြစ် ဆန့် ကျင်ရန် ။
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
မျိုးရိုးဗီဇ နှင့်ဆိုင်သော ဦးခေါင်းများရောင်းဝယ်ရေး ၊ သဘာဝလွန်များ၊သမ္ဘာများ၊ လွန်များ ၊ သလွန်များ
ဆင့်ကဲဖြစ်စဉ် သည် ကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက် ရှိ  - (၍)
ကွင်းဆက်များ ချိတ်ဆက်လျှက်ရှိခြင်း သည် ဖြစ်စဉ်တစ်ခု (၀ါ)
တစ်ခုထက်ပိုသော ဆင့်ကဲမှုများဖြစ် (နိုင်) သည်
(ကဗျာဆရာဟာ စကားလုံးများအား ငြင်းဆန်လိုက်ပါတယ်)
အကြမ်းဖက်မှုမရှိတဲ့ ဆန့် ကျင်မှုဟာ မွန်မြတ်တယ်
ရှိသည် ၊ ဖြစ်သည် ၊ မရှိမဖြစ် ၊ရှိလည်းဖြစ်သည်၊ မရှိလည်းဖြစ်သည်။ အရှိ ဖြစ်သည် ။
ထင်လို့ ပါ မ၀င်ဘူး ကျောင်းအစ်မရဲ့ (စကားသံအဖြစ်ပြောင်းလဲမှု)
ထင်သာထင် မ၀င်ဘူး ကျောင်းအစ်မ (မှုရင်းအဆို)
ဘာမှမမေးရင် ဘယ်လိုလိမ်ညာမှုမျိုးမှ ဖြေဆိုနိုင်လိမ့်မည်မဟုတ် !!!
အတွေးအခေါ်သည် မည်သည့်အပေါ်တွင်အခြေခံသနည်း။ (မေးခွန်းပုံစံ)
(ကဗျာဆရာဟာ ခေါင်းခါယမ်းပါတယ်)
ရှင်းလင်းချက်။    ။ ခေါင်းခါယမ်းသည်မှာ တစ်စုံတရာအား
လက်မခံခြင်းသော်လည်းကောင်း ။ မဖြစ်တန်ရာဟုသော်လည်းကောင်း၊နားမလည်ပေးနိုင်သည်ကိုလည်းကောင်း၊
လက်ခံခြင်းမှာမဖြစ်နိုင်ဟုသော်လည်းကောင်း ... လည်းကောင်း ... လည်းကောင်း.......
ဖြည့်စွက်ရန် ။    ။ သင်ထင်သမျှကို ဆက်လက်ဆွေးနွေးပါ ။
ခံစားမှုပြပုဒ် ၊ အသုံးအနှုန်းကျစ်လစ်မှု ၊ နိမိတ်ပုံ ၊လှုမှုဝန်းကျင်ဆိုင်ရာများ ၊ သမိုင်းကြောင်း
(ကဗျာဆရာဟာ ထိုမျှအထိငြင်းဆန်ပါတယ်)
ကဗျာဆရာ ဘယ်မှာလဲ ။
ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ကဗျာဆရာဟာ ကဗျာကို ငြင်းဆန်ပါတယ် ။
ကဗျာဟာ ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ရင်ခွင်ရှိန်း (FEPB)
Argumentative prose(စမ်းသပ်)
တစ် ခု ခု က ပြု လုပ် သွား ရ လောက် အောင် အ တော် ဖြစ် (ချင်) နေ ခဲ့ တယ် မ ဟုတ် လား
နားထဲစီးဝင်လာတဲ့အသံမှာ ဆာလောင်မှုဓါတ်အနည်းငယ်ပါဝင်
အနုပညာအကြောလှုပ်မှုဟာ ချော်ရည်တွေနဲ့ သူငယ်အိမ်ထဲ
ဒီနေ့ ကိုဖြတ်မှဖြစ်မယ်ဆိုမှတော့ … ရှင်သန်မှုဟာ နေရာမရတော့ဖူး။
ချစ်စဖွယ် သွားတက် ကလေးလည်းမလာ။
ဒီမှာ မေတ္တာတရားဟာ ပူလိုက် အေးလိုက် …
ကိုယ် ရလိုက်တာ ကောက်ရိုး - (မှို) များပဲ။
ဒီတနင်္ဂနွေများကြောင့် ဒီလမ်းဟာ ၊ ဒီမြင်ကွင်းဟာ  ကြိုက်ခြင်းကိုခံရ
ပလိန်းကြီးဆေးထိုးဖို့ …
ကတောင်းကြိုက်ပြီး မြောင်းနှိုက်ဖို့ …
အကောင်းကြိုက်ရင် … ဇောင်းတိုက်ဖို့ ။
လူ့ အဖွဲ့ အစည်းကိုချစ်ဖို့ မပြောနဲ့ ။ လူတစ်ယောက်ချင်းကိုတောင် မချစ်နိုင်သေးဘူး။
အဲ့ဒီတော့ တိုးတက်မှုတွေ ပြန်ယူသွားပါ။ စိမ်းလန်းစိုပြည်ရေးတွေပြန်ခေါ်သွား ။
ကိစ္စပြီးမြောက်မှုကြောင့် အခွင့်အရေးဟာ သွားကြားညပ်
ဒီပြတင်းပေါက်ဟာ ငါးမျှားချိတ်တစ်ချောင်းပဲ …
တစ်ယောက်တည်းသုံးရတာ …
လူအများနဲ့ ရုန်းရမှာ …
ကိုယ်ဟာ ဘယ်ရီသီးတွေကိုပဲ ကြိုက်နေခဲ့ ။
အနေအထားဟာ တစ်ပေနဲ့ မှကုလားပဲ …
ကိုယ့် ဖားဟာ ကိုယ့်ကို ၀င်ရိုက်ခဲ့ …
သဘောထားကွဲလွဲနေဖို့ အချိန်မရဖူး။
ကိုယ့် အသက်ရှုမှုဟာ ပရိုဂရမ် နဲ့ စနစ်တကျနဲ့ 
ဖုန်းခွက်ထဲက သူမအသံဟာ ကိုက်ခဲမှုအရင်းအမြစ်နဲ့ …
မနက်စာကို သမ်းဝေ ပစ်လိုက်တယ်။
သူ့ ဖွားအေကက်ဆက်လိုပဲ … (တစ်ယောက်ယောက်က အမြန်ပြင်ဖို့ လုပ်ထားပါ)
ရှာမရတဲ့စကားတွေအတွက် လျှာကို ခေါက် - သိမ်းခဲ့ … နှုတ်ခမ်းကိုသပ်ခဲ့
မင့် အတွက်ကုန်ကြမ်းဟာ ငါဖြစ်ပါစေ …
ဒီနေ့ ညနေ လေးနာရီ တိတိမှာ စိတ်အဆင်ပြေမှုဟာ ငါနဲ့ စောင့်ဆိုင်းခြင်းကို ကျောသပ်
မင့်အတွက် လှီးဖြတ်ပေးစရာဟာငါ့ ပစ္စုပ္ပန်ပဲကျန်တယ်။ စိတ်ကူးရှိသလိုသုံး။
ငါကတော့ ကံပေါ့။ ပြုလုပ်ခြင်းပဲ ခံမယ်။
ရင်ခွင်ရှိန်း
ခိုးတီးတဲ့ သံစဉ် ၊ ကြေကွဲ တဲ့ လက်ခတ်
ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...
ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..
မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...
ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..
ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး
အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..
အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်
ကျွန်တော်
သူ့ ကို
လွမ်း
တယ်
“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...
ရင်ခွင်ရှိန်း
ခရမ်းရောင် နတ်သမီးနဲ့ အပြိုင်
နာကြည်းမှု မျက်နှာဖုံး ခပ်ပါးပါးလေးပေါ့ .....
လျောခနဲ ..ပြုတ်ကျ....သွားရင်
သူ မတွေ့ ပါစေနဲ့ .......
ခပ်ညံ့ ညံ့ ...ငါ့ ခရမ်းရောင်..တမ်းချင်းလေး....
ဝေးမှသာဝေးရော........
အိမ်မက်တိုင်း...မနက်ဖြန်တိုင်း....ခေတ်အဆက်ဆက်တိုင်း.....
ကောင်းကင်မှာ........
လက်ချင်းချိတ်ဆက်.......
အိမ်မက်တိုင်းရဲ့ ကမ်းနဖူးမှာ...ခြေလေးချကာ....
တိမ်တိုက်လေးပေါ်မှာ.........
ငါ.........အသက်ရှုနေခဲ့ တာပါ.......
တစ်ကယ်တော့ ..ငါဟာရဲတိုက်ဆောက်ချင်နေခဲ့ တဲ့ ကောင်ပါ.....
ကမ်းလင့်တဲ့ လက်တစ်စုံအတွက် ....
ငါ ..မြူခိုးတွေ ..ဝေ..ပြရုံအပြင် ..
ဘာတတ်နိုင်ဦးမှာလဲ.....
မင်း...အစွယ်ပြူးပြူးဘီလူးတွေနဲ့ စစ်ခင်းတဲ့ အခါ...
ငါဟာ ..အရောင်မဲ့ သက်သက် ဖြစ်တာ..သိလိမ့် မယ်...
အပ်ဖျားတစ်ထောက်စာလည်းမဟုတ်ဘူး...
ဟိုး...ဘက်အထိ ..ထိုးသွင်းဒဏ်ရာ...
ပြန်မကောက်နဲ့ တော့ .......
နွမ်းပါးသွားတဲ့ .... ....
အပြာရောင်......သတိရခြင်းတွေ......
လေတိုက်တိုင်းသစ်ရွက်မကြွေတဲ့ သဘောကို....
တတ်သိနားလည်ရဲ့ သားနဲ့ .....
ငါ့ ခြေလှမ်းတွေယိုင်နဲ့ ....
မိုးခါးရေ.ရယ်.......
အားနာပါရဲ့ .......
ငယ်ငယ်တုန်းကကြားဖူးခဲ့ တဲ့ ``နတ္ထိ``.... ဆိုတာ
ဘာလို့ ခုမှ......
ငါ့ ရဲ့ အညိုရောင်...အိမ်ခေါင်လေးပေါ်ခုန်အုပ်.....
ကောင်းကင်ရယ်.....ဆံနွယ်အုပ်တွေဖယ်ပါတော့ ...
အစက်အပြောက်လေးတွေလို...
သေးကွေးစွာနေရင်း......ရက်ရာဇာ အိမ်မက်တွေမက်နေခဲ့ တာ..
အဲဒီလိုနဲ့ ...
ငါ့ နေ့ ရက်တွေ...
မိုးဖွားဖွားလေးတွေ ရွာခဲ့ ပြီ......
မလှောင်ပါနဲ့ ...ပြက္ခဒိန်ရယ်.....
ဖုန်အထူထူ တက်နေတဲ့ ...
ရွှေရောင်မျက်နှာဖုံး တွေကို ကြည့် နေရတာထက်စာရင်....
``လူမိုက်`` ဆိုတဲ့ စကားလုံးကို..
ပန်းဘာသာနဲ့ ..ရေးချင်ခဲ့ တာပါ....
´´မှန်ကန်စွာ မိုက်မဲ ပါရစေတော့ ...´´
ဒီလိုနဲ့ .....
ကိုယ့် ကိုကိုယ်ပြန်ရှာရတော့ ...
အမှိုက်ပုံးထဲ တစ်ဝက်.....ဘုံဆိုင်မှာတစ်ဝက်...
လောက ရဲ့ ဓမ္မသတ် ထုံးကို နားမလည်သရွေ့ ...
တိမ်တိုက်တွေရွေ့ နေတာပဲ မြင်မယ်.....
နောက်ဆုံးတော့ .............
အ၀ါရောင် စာရွက်မျက်နှာတွေလည်း....အက်စစ်ချိုတွေစား..
ခရမ်းရောင်နတ်သမီးရယ်.......
အတောင်ပံ တလွင့် လွင့် နဲ့ ....
ဟော...ဒီမှာ.............
ကိုယ့် တောင်ကုန်းလေးမှာ.........
``အလံ`` စိုက်သွားဦး..........
ရင်ခွင်ရှိန်း 
ဖျာ
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့
သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ
လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။
လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ်
ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ
လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ
ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။
အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလိုဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊ သံဃာတော်တွေထိုင်တဲ့ဖျာ ၊ အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။
(ရင်ခွင်ရှိန်း)