Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

တေလေ

မရေမရာဘ၀ကြီးထဲမှာ
လူရီစရာပြဇာတ်တွေကြည့်ရင်း
ကိုယ့်ပခုံးကိုယ်ထမ်း
လျှောက်ခဲ့တာ...ခရီးတစ်ဝက်ရောက်ခဲ့ပြီ

မုသာဝါဒတွေလှိုင်လှိုင်ပြော
အကျိုးအကြောင်းသင့်ရင်ပြုံးလိုက်မဲ့လိုက်
အသူရာအရည်တွေမှီဝဲ ဘာတစ်ခုမှမကောင်းတော့
များစွာသောကျေးဇူးတော်တွေကို
နောင်ဘ၀မှပဲအကျေဆပ်ပါရစေ

မငိုတတ်တဲ့ဘ၀မှာ
ဘာတစ်ခုမှကြည့်မကောင်းတော့
မငိုရက်ခဲ့ဘူး.........
ဒီအတိုင်းလည်းနေသားကျခဲ့တော့
ပြသာဒါးတွေ ရက်ရာဇာတွေ
နဂါးခေါင်းတွေလှည့်ချင်သလိုသာလှည့်ပါစေ
"တောက်" ခေါက်ရင်းပဲရင်ဆိုင်မယ်...........

အမှားလုပ်တိုင်းဦးသုံးကြိမ်ချ
လက်အုပ်ချီတိုင်း ကျေတယ်ဆိုရင်
နေတိုင်းဘုရားမှာလူစည်မှာပေါ့
တကယ်ပါ....ဘာဆုမှမတောင်းချင်တော့ဘူး

သူများတွေရေးတဲ့ပြဇာတ်ထဲ
ဝင် က ရလို့အောင်မြင်တယ်ဆိုတဲ့စိတ်
တစ်ရွေးသားမှမရှိခဲ့တာ ယုံကြည်လိုက်စမ်းပါ
ဘယ်တော့အခါမှစနစ်တကျမရှိတဲ့ဘ၀မှာ
သေသေချာချာ.......ချည်နှောင်လိုက်ပါပြီ

နောက်ဆုံးစစ်တမ်းမှာ
ချစ်သူလည်းမပါတော့ဘူး
မပူပါနဲ့လေ...........
ငါကိုယ်တိုင်လည်းမပါဘူး 
 
(စည်သူ)

လမ်းခွဲလမင်း

လိုအပ်ချက်တွေနဲ့ဘ၀ထဲ
မျှော်လင့်ချက်ကိုဖတ်ကြားဖို့
ဘာသာဗေဒအသစ်တစ်ခုမရှိသေးဘူး.........

လမ်းခွဲမူအတွက်လျှော်ကြေးတစ်စုံတစ်ရာ
မမျှော်လင့်ခဲ့သလို...........
ဝမ်းနည်းမူမှတ်တိုင်လည်းမစိုက်ထူခဲ့ပါ..........

ဆွေးမြေ့ခြောက်ကတ်စွာ
ရာသီတွေကုန်ဆုံးရင်း.........
ငါ့နှလုံးသားမှအဖြူရောင်စစ်စစ်ပန်းတွေ
မပွင်ဖူးတာရာစုနှစ်တွေကြာလှပေါ့.........

ဒဏာရီထဲကစာမျက်နှာမှာ
အလွမ်းတွေကိုသာရေးထိုးရင်း
ခံနိင်ရည်မဲ့စွာငါလျှောက်လမ်းနေရတော့တယ်......

နာကျင်စွာရွက်လွင့်ရင်း
နင်နဲ့ဝေးရာမှာလွင့်မျောရင်း
အထပ်ထပ်ရွက်ဆိုခဲ့တဲ့ကဗျာတစ်ပုဒ်
နှလုံးသားမှာထုပ်ပိုးလို့သိမ်းဆည်းပြီးပါပြီ

မိငယ်ရယ်................
ငါမချစ်တတ်တာမဟုတ်ဘူး
မချစ်ရက်တာပါ.........။

စည်သူ

စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက်

မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။

အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည်

တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။

အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။

ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။

သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။

အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။

အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။

လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။

လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။

အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။

ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။

တစာစာအော်သံအစွဲနဲ့  လဲကျသွားမယ့်တံတိုင်းလျှောက်သမား အဖွဲ့ အလွန် ပြောင်းပြွန်ဝမှ

နံရံကို လက်ဖျံရိုးချိုးပြီး ခပ်စပ်စပ်လေးထိုးပြလိုက်တယ်
ဒါသက်မဲ့တစ်ကောင်ရဲ့ ပုန်ကန်မှု့  ပြန်ကန်ထွက်လာတာကိုက
lisible အတုပဲ….နည်းနည်းတော့ဖုသွားတယ်

မျက်လုံးတွေအောက်မှ ဂုဏ်ပျောက်လို့ တော့မဖြစ်
မသိမသာ ခပ်တိုးတိုးဆဲဆိုမိတော့
အာရုံမပြောင်းတဲ့ ပဲ့တင်သံက လက်ခုပ်သံလား..အမြောက်သံလားမကွဲပြားတာတွေကို တအူအူထုပ်လွှင့်
အသေအကြေ ပြန်နားမိတဲ့ အတ္တနောမိစကားတွေကိုဆို
မျက်လုံးတွေ ငိုသွားတော့မှ နည်းနည်းလေးဂုဏ်မောက်နေရာကကိုယ်ယောင်ဖျောက်လိုက်တယ်

အားတဲ့အချိန်တိုင်း မသိစိတ်ကိုချေးချွတ် မှန်ကူကွပ်တပ်ဆင်
ရာဇ၀င်ထဲက အနိုင်ကျင့်တက်တဲ့ မိန်းမကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ၀ါးစား
နဖူးရည်ဘယ်လောက်..ဒူးရေဘယ်လောက် သေချာစစ်ဆေး
ပြီးမှ မျက်လုံးသေးသေးလေးတွေနဲ့  ကြိုးစွဲပြီး ပြန်တက်လာတယ်


လရောင်ကိုရှောင်သူတစ်ယောက်အဖြစ်နာမည်ကြီးလာ
အရိပ်မှာကျောကုန်းမမြင်ရတဲ့မိစ္ဆာတစ်ကောင်ပဲ
ဝိုင်းဖွဲ့ စစ်ဆေးနေတဲ့ကလေးတွေကြားမှာလည်း အနေမကြုံ့ လားမေးတော့
ငယ်ဂုဏ်လေးအေးအေးလူလူဖုန်သုတ်ခွင့်ရတာပေါ့ဗျာတဲ့

သေရော !  မေးသူသာပြောင်းသွားတယ်
 သူကတော့ ဒီတစ်ခွန်းတည်းနဲ့  ဂျက်တွေ..ပတ်လမ်းကခွဲထွက်လာတဲ့ ဂြိုလ်တွေ... စက်တပ်ယဉ်မှန်သမျှ
အို..အုတ်တံတိုင်းကိုတောင် ကြိုးတပ်ပြီးမောင်းနှင်
ကြည့်လိုက်ရင် အဲဗားစည်ပင်နေတာပဲ

 အခုဆိုလူတွေက အလင်းရောင်လိုလို့  ကိုယ့်တံခါးမင်းတုပ် ကိုယ့်လက်နဲ့ ဆွဲမဖြုတ်ချင်သလို
ကိုယ့်အလုပ်ကိုယ်လဲမလုပ်ချင်ကြတော့ဘူး
ကိုယ့်လမ်းကို ဆွဲမှောက်ထားပြီး သူများလမ်းမှာမှ
ဖြတ်လမ်းလိုက်ရှာ ပတ်ပင်းတိုးတော့မှ
တူ ......တူ....... ရေ......၀ါး ......ဆိုပြီးတော့ဗျာ….. သိပ်ဟားရတယ်

 ပြောရင်း မိုင်းနပ်(စ်) ဆုံးရင် ပလပ် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့
သေသေချာချာကိုဆိုးတဲ့အပြုံးနဲ့  ပါးစောင်မှာ ငုံထားတဲ့ မာမာချာချာ ဒါဒါတွေကို ထုပ်ပြလိုက်တယ်

လက်သည်ရှာမရအောင်လည်း လျော့လျဲနေတာတွေကို ပြန်စွဲတင် ကျကျန်ခဲ့တာမရှိရအောင် ပြန်ကုန်းကောက်
ဝင်ရိုးစွန်းက ရေလပ်ကြားတစ်ခုကို မြင်ရဖို့ အတွက်တော့ သူ့ အောက်စကို လွှတ်ထားရတာပေါ့


                                                                                                                                        ဇက်ကကြိုး