Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

သူမရဲ့ ငယ်နာမည်ဟာ သစ်ပင်တစ်ခုဖြစ်ကြောင်း .................................................. ကိုယ့်ငယ်ထိပ်မှာ စိမ်းလန်းပွင့်ဖြာ မနေ

သူမရဲ့ ငယ်နာမည်ဟာ သစ်ပင်တစ်ခုဖြစ်ကြောင်း
.................................................. ကိုယ့်ငယ်ထိပ်မှာ စိမ်းလန်းပွင့်ဖြာ မနေ



လူရောပုလင်းပါ ခွက်ခွက်လန်
အမြည်းဖတ်တွေဟာ ပျော့အိလေးတွဲ့ကျလာပြီး မြည်းသတ္တဝါလို ခေါင်းတွေငိုက်စိုက်
မအိပ်ဖြစ်တဲ့ ညဘက်တွေနဲ့အတူ တရေးရေးမကတော့တဲ့ မုတ်ဆိတ်ကျင်စွယ်တွေ
သူများမျက်ခုံးမွှေးပေါ် ကိုယ်ဟန်ပြလမ်းလျှောက်တတ်တဲ့သူမကို အဲဒါလေး မြိုးမြိုးမြက်မြက် ရသွားစေချင်တာပါ
ကဗျာတွေဟာ တော်ရိလျော်ရိ ခါးချဉ်
နာရီတွေထဲ ခါချဉ်တွေဝင်ပြီး အချိန်တွေကို ချဉ်ချဉ်ခါချ
ကိုယ့်စိတ်ဓာတ်ဟာ ဆော်ဒါထဲပျော်ဝင်သွားပြီး လေသက်လိုမှု ရာခိုင်နှုန်းများ ဦးနှောက်ထဲတက်ရောက်
ဒါဟာ နာမည်သက်သက်ပဲ
ဖန်ခွက်နှုတ်ခမ်းက တဖန်ပြန်ခွက်ထိုးခွက်လန် ရယ်ပြန်ရော
ဆံပင်ရှည်တွေ နောက်ကိုလန်ကျသွားအောင်လို့ သူမနာမည်နဲ့ ရိုက်ချလိုက်တယ်
( ငယ်သံပါအောင် အော်ဟစ်ပစ်ရမယ်ဆိုတာ မေ့နေခဲ့ )
လမ်းလျှောက်ပုံသိပ်တတ်လွန်းတဲ့ သူမကို ပုလင်းထဲထည့်ထားချင်ပေမယ့်
လမ်းသလားတတ်လွန်းတဲ့ ကိုယ့်ကြောင့် ယောင်ယမ်းပြီးမော့ချပစ်လိုက်မိမှာ စိုးရိမ်ရတယ်
သူမဟာလည်း ကိုယ့်ခံတွင်းနံ့ကို ခံနိုင်မယ်မထင်ဘူး
အမြည်းတစ်ဖက်ကို တော်ရိလျော်ရိ ကောက်ဝါးလိုက်တယ်
သွေးကြောထဲမှာ မြည်းသတ္တဝါဟာ အီစိမ့်သွား
ကိုယ်ဟာမျက်နှာကို တခြားနေရာလွှဲပြီး ရေအိုင်ထဲ ခဲတစ်လုံးပစ်ထည့်လိုက်တယ်
သူမနာမည်ဟာ ကိုယ့်ငယ်ထိပ်မှာ မြံမြဲစွာပေါက်ရောက်
ဆွဲနှုတ်လိုက်ရင် ကိုယ့်ငယ်ထိပ်ပါပေါက်သွားမယ်
မြင်နေရတဲ့ ရေအိုင်ထဲမှာပဲ ခြေဆေး ၊ ငါးစာလေးတွေကျွေး (ပုလင်းထဲက မြည်းသတ္တဝါကို)
သူမဟာ ကိုယ့်ခြေမျက်စိရှေ့မှာပဲ လှလှပပလမ်းလျှောက်သွားတယ်
ခဲလုံးပစ်ချလိုက်တယ်လို့ထင်နေခဲ့တဲ့ ငါးစာကျွေးနေမိတဲ့ ရေအိုင်တစ်ဖက်မှာ
ပန်းကန်ထဲမှာ ကတ်သီးကပ်ဖဲ့ကျန်နေတဲ့ အမြည်းကတစ်ဖက်
ပုလင်းထဲမှာ သူမနာမည်ဟာ စိမ်းလန်းပွင့်ဖြာမနေဘူး
ကိုယ့်ငယ်ထိပ်ကို ခါချဉ်တွေ တရွရွသွားနေတဲ့လက်နဲ့ ပြန်စမ်းသပ်မိတယ်
သူမရဲ့ငယ်နာမည်ကို ငယ်သံပါအောင် အော်ခေါ်ပစ်ရမယ်ဆိုတာ မုတ်ဆိတ်ကျင်စွယ်တွေနဲ့အတူ မော့လျော့နေခဲ့
မြည်းသတ္တဝါဟာ ကိုယ့်နှုတ်ခမ်းပဲ့ကိုကြည့်ရင်း ခွက်ခွက်လန် ရယ်မောရှုံ့မဲ့ပြတယ်
သစ်ပင်တစ်ပင်လမ်းလျှောက်တာလှကြောင်းကို ကိုယ့်ဆီဘယ်သူမှ လာသတင်းမပေး ..... ။       ။





လင်းထက်အောင်


0 မှတ်ချက်ရေးထားသည်။:

Post a Comment