Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

အဆင့် … အတန်း

အဆင့် … အတန်း


တော်တော်ပေါတဲ့ထမင်းချိုင့်အလွတ်တွေပဲ၊ သူတို့ကိုယ်သူတို့လူသိများထင်ရှားတဲ့နာမည်ကြီးတံဆိပ်တွေကပ်ပြီးပြောင်ပြောင်တင်းတင်းဦးရာကိုလှမ်းဆွဲလိုက်ကြတာ၊ ထားပါတော့၊ အဲဒီလူကြီးကလည်းဆံပင်အရှည်ကြီးနဲ့ကွမ်းကလည်းစားတတ်နေသေးတာကိုး၊စတီးချိုင့်ဝယ်လာတယ်ဆိုပြီးအိမ်အပြန်ကျ ခပ်ကြွားကြွားလေးကိုင်လာတယ်၊ လူတွေ့တိုင်းပစ္စည်းကောင်းကြောင်းသိစေချင်တာနဲ့မြှောက်မြှောက်ပြရတာချိုင်းမွှေးတွေတောင်နာလို့၊ အဲဒီအချိန်တုန်းကဘယ်ဘတ်စ်ကားပဲစီးစီးချွေးမထွက်ပဲနေလို့မှမရတာလေ၊ ချိုင်းမွှေးအစွန်အဖျားတွေဆီမှာတော့ချွေးတွေဟာသူတို့ဘဝဇာတ်သိမ်းခန်းမှတ်တိုင်ရောက်မရောက်မသိနိုင်ကြသေးဘဲ တွဲလွဲကိုခိုစီးနေကြတာ၊ ထင်ထားတဲ့အတိုင်းပဲလမ်းဆုံမှာကားပိတ်နေမှာစိုးလို့ကားဆရာကဖြတ်လမ်းကိုသုံးပါလေရော၊ ကလေးတွေကမျောက်ရှုံးအောင်ဆော့လို့၊စက်ဘီးတွေရော၊ဆိုက္ကားတွေရော၊ ရန်ကုန်မြို့ကအဒေါ်ခပ်ကြီးကြီးတွေရဲ့နေရာစုံခရီးသွားလို့ရမယ့်ဆဲဆိုသံတွေရောညံသွားလေတယ်၊ ရပ်ကွက်လူကြီးဆိုသူကပုဆိုးတမ,မနဲ့၊လမ်းထဲမှာထနေတဲ့ဗွက်ကိုလည်းကြည့်ရသေးတယ်၊ဘယ်လိုကျ/ပါတယ်ဆိုတဲ့တရားပဲဖြစ်ဖြစ် စည်းကမ်းမဲ့မော်တော်ယာဉ်နဲ့တွေ့ရင်အငွေ့ပျံသွားတတ်သေးတာပဲဆိုတဲ့နည်းပညာသစ်တစ်ခုကို ဂျင်းဘောင်းဘီဝတ်ဓာတုဗေဒကျောင်းသားလေးဟာသူ့အဖေဆီကနေဂျစ်ကန်ကန်ကောက်ရလိုက်တယ်၊ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာဒီညအာကြီးပွဲကြည့်ဦးမယ်၊အပျင်းပြေတယ်ဆိုရုံလောက်ပါ၊ မမိုက်တတ်တဲ့သူမို့အစောကြီးကတည်းကချဲလ်ဆီးရိုက်ထားပြီးသား၊ စားပွဲထိုးအစ်ကိုကြီးက“သားကြီးဆွဲမှာလား”လို့မေးတယ်၊ သူတို့ကလည်းမော်ဒန်ဝါဒီပဲလေ၊ ဘယ်လိုခမ်းနားကြီးကျယ်တဲ့စကားလုံးအသုံးအနှုန်းမျိုးကိုမှမယုံကြည့်ကြတော့ဘူး၊ ကျွန်တော်ဘယ်တုန်းကများအငြင်းဝါကျတစ်ခုခုကိုပြောခဲ့ဖူးလို့လဲဗျ ၊ဗြောင်လိမ်ဗြောင်စားကောင်ပါပဲ၊ လမ်းဘေးကပိတောက်ပင်ကြီးကတော့ငုတ်တုတ်၊ ဒီနှစ်ဖူးပွင့်လာမယ့်သူ့သားသမီးတွေသူတော်ကောင်း၊ သူတော်မြတ်တို့ဆီရောက်ပါစေလို့ပဲဆုတောင်းနေတယ်၊ အရင်နှစ်ကသမီးလေးတစ်ယောက်ကတော့နာမည်ရလာခါမင်းသမီးချောလေးဆီရုပ်ရှင်ရိုက်ရင်းနဲ့ရောက်သွားခဲ့တယ်တဲ့၊ ကိုယ့်နာမည်ကိုတစ်ယောက်ယောက်ဆီကယူလိုက်ရတာများလွယ်တယ်ထင်လို့လား၊ ဂျာနယ်တွေကတော့ပွဲပြီးသွားလို့နောက်တစ်ပါတ်(ပတ်)ကြာတဲ့ထိအောင်မေးနေကြတုန်းပဲ၊ ယားကျိကျိနဲ့သူတို့မို့နေတတ်တယ် ၊နောက်ကျောမှာကကြော်ငြာ၊ စာဖတ်တတ်တဲ့သူတွေကတော့ကောင်းရာကောင်းကြောင်းဝယ်ယူသုံးဆောင်ပစ်လိုက်ကြတယ်၊ Promotionကာလလေ၊ နည်းနည်းရှက်တတ်ရင်လည်းမိတ်ကပ်ထူထူလိမ်းထားလိုက်ရုံပဲ၊ ဖန်ခွက်အလွတ်တွေလက်ဆောင်ပေးနေတာလည်းပါတာပေါ့၊ ဘယ်သူကမှတော့ရှေ့ကနှစ်လုံးကိုလာမယူကြပါဘူး၊ အလွတ်ကြီးတွေပဲလာလာငမ်းနေကြတာ၊ သနားပါတယ်ကောင်လေးပေါ့…၊ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်သောက်နေတာကိုယ့်ကိုယ်ကိုကျီစားသန်လွန်းနေသလားလို့၊ ထုံးစံအတိုင်းမူးယစ်ရာဂမှုနဲ့သုံးညအချုပ်ခံရပါတယ်၊ ဒါတောင်မှ…ကလေးအဖေစိတ်ပြေတာစောလို့၊ မဟုတ်ရင်…သူ့အမေမှာနှလုံးရောဂါအခံရှိတာနဲ့တော့…အင်း…၊ အိမ်ပြန်ရောက်တော့ဆွဲထိုးခံရမလိုသုံးခါဖြစ်ပါတယ်၊ အဖေရယ်၊အကြီးကောင်ရယ်၊အလတ်ကောင်ရယ်…၊ ဒါကတော့ဦးရာလူပေါ့၊ ဘယ်သူကမှလည်းလေကုန်ခံပြီးပြန်မငြင်းကြပါဘူး၊လောလောဆယ်မှာShopping Mallအကြီးကြီးထဲဝင်ပြီးထမင်းချိုင့်အသစ်စက်စက်ကိုဝယ်ယူထားနိုင်သူဦးရေတစ်မိသားစုလုံးမှာတစ်ယောက်ပဲရှိနေသေးတာကိုး ၊နဖူးရေ၊ဒူးရေကောင်းပုံများ၊မိန်းမနဲ့ကလေးသုံးယောက်နဲ့၊ဆံပင်အရှည်ကြီးနဲ့၊ကွမ်းကလည်းစားတတ်နေသးတယ်…..။         ။





လင်းထက်အောင်

0 မှတ်ချက်ရေးထားသည်။:

Post a Comment