Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ရေမွှေးဖျန်းစက်

ရေမွှေးဖျန်းစက်

အာရုဏ်တက် မနက်ခင်းမှာနိုးလာတော့ အာရုံကြောမှာ တစ်ခုခုဖြစ်နေပြီမှန်း သိလိုက်တယ်
အစာအိမ်ထဲ တွားသွားဝင်လာတဲ့ ကျားနဂါးတစ်ကောင်
သူ့ပါးစပ်ထဲမှာ အစွယ်ငေါငေါလေးချောင်းကလွဲလို့ ကျန်သွားတွေဟာ အသက်မပြည့်ကြသေးဘူး
ရုတ်တရပ် တိမ်ကင်းစင်သွားတော့ နေရောင်က လင်းလာတယ်
အား... ငါမအားသေးဘူး ( သေဖို့ ၊ စားဖို့ ၊ အသုဘလိုက်ပို့ဖို့ )
အိမ်ဖော်ကောင်မလေးကိုပဲ Memory ဈေးခြင်းတောင်းတစ်စောင်ပေးပြီး
မနုဿပူဖောင်းတွေကြားထဲ အပေါက်ပေါက်အလျှိုလျှို လွှတ်လိုက်တယ်
သတိထား ၊ လမ်းထိပ်က ညောင်ပင်အောက်မှာ သွားရင်း၊လာရင်းဗိုက်နာလာနိုင်မယ့် အရိပ်တစ်ရိပ်က စောင့်နေပြီ
အနားကပ်လာပြီဆိုတာနဲ့ အုန်းလှိုင်းစည်းပါဝါအတွင်းအားနဲ့ ဆွဲငင်ပစ်
အခြေအနေမဟန်ရင် ပတ်ဝန်းကျင်ကို ပြွတ်စုပ်ခေါ်
ဒီမှာ လာကြည့်ကြစမ်းပါဦး ၊ ညောင်မြစ်အပုပ်တွေကို ထွေရာလေးပါးကြော်စားတတ်တဲ့တစ်ယောက် ခွေ .. ခွေ .. လေး ....
ဘောလုံးပွဲတွေကိုလည်း တုတ်ထောက်ခုန်,ခုန်ကြည့်ခဲ့တယ်
ငါတို့လိုချင်တဲ့ သမာပတ်သားရေသားမျိုး ရှာလို့မတွေ့သေးဘူး
ကျွန်မကို ပြောပါ ၊ ဆန် . ဆီ . ဆား . ငရုတ် . ကြက်သွန် အကုန်လုံး ဂိုဒေါင်ထဲသိပ်သိမ်းထားပြီးပြီ
ရော် ... ရောထားတဲ့ ရင်ခံသံတွေက အိမ်အပြန်လမ်းမပေါ်မှာ ကီးကြောင်ကွေးကြောင်နဲ့
ဘယ်လိုမျိုး ချောင်းဆိုးပျောက်ဆေးတွေကို အိမ်သာကျွင်းထပ်တူးခိုင်းရဦးမလဲ
ဒါကစင်္ကာပူက ပို့လိုက်တာ ၊ စိန်နားကပ်ပန်ထားရင်းနဲ့မှ သောက်လို့ရတဲ့ အဖိုးတန်ဆေး
ကျွန်မဘာမှမသိပါဘူးဆိုတဲ့ မျက်တောင်ကော့ရွဲကြီးတွေဆီမှာ ဘဝင်မြင့်ရောဂါဝင်နေတဲ့ သျှားစောင်းလက်ပတ်တွေ တင်နေတယ်
ဟုတ်တယ် သားကြီး ၊ အမှန်အတိုင်းပြောရမယ်ဆိုရင် မင်းနှာခေါင်းက ဗို့အားသိပ်မပြည့်သေးဘူး
မီးရထားတစ်စင်းက MRTV-4 ဆိုတဲ့ မိုက်ခွက်ကိုကိုင်ပြီး ဝင်ဗျူးတယ်
ငါတို့မွေးတဲ့ ဘောင်းဘီဝတ်စာခြောက်ရုပ်ဟာ “အာဟုနန္ဒ” ရေတံခွန်ထဲ ထိုးကျသွားပြီဆို
အဲဒီမှာ ကာမေသုမိစ္ဆာစာရကံထိုက်ရတော့မယ့် လက်နှိပ်ဓာတ်မီးတွေဟာ လျှာတပြင်ပြင်ဖြစ်လာတယ်
နဂိုကတည်းက ဘောင်းဘီမတိုမရှည်တွေမှ ဝတ်ခဲ့ဖူးသားပဲ
ဒီလိုသိပ္ပံနဲ့ နည်းပညာခေတ်ကြီးထဲမှာ ရှင်ကျွန်မလက်ကို ကိုင်ပုံကိုင်နည်းမမှန်ဘူးဆိုရင်တော့
ဗြိတိန်ငွေစတာလင်ပေါင်တစ်သန်းပေးရမယ်
သွားပြီဆိုတာ မျက်နှာတော့ သစ်လို့ပြီးသွားပြီ
မနေ့ညက ဆက်မက်ဖို့ကျန်သေးတဲ့ အထူးသံယောဇဉ်တင် မိန်းကလေးတစ်ယောက်အကြောင်း ရင်ခုန်သံဇာတ်လမ်းကိုတော့
ရေမွှေးနည်းနည်းဖျန်းထားရဦးမယ်
ဆူပူမှုတွေလုပ်လွန်းတဲ့ အိမ်ကမျောက်လောင်းလေးလေးကောင်ကို ဘုန်းကြီးကျောင်းဆီ တစ်ပါတ်(၇)ရက်တော့ ပို့ပေးဖို့ကောင်းပြီ
မစ္စတာ ဝမ်တိန်ရှောင် ... ခင်ဗျားပြောတဲ့ဈေးကို မဆစ်တော့ဘူး ၊ နောက်နှစ်ရက်လောက်ကြတော့ ခင်ဗျားမယားငယ်လေးနဲ့
အီစီကလီလုပ်နေတုန်း အဲဒီသတင်းကို ခင်ဗျားပြောတဲ့ဈေးအတိုင်းပဲ ခင်ဗျားမိန်းမဆီမှာ ပြန်သွားရောင်းမယ်
အစဉ်အလာအရ သွေးပျက်ခြင်း ၊ သွေးစီးခြင်း ၊ သွေးလဲခြင်း ... ၊ ကျွန်မကတော့ (၁၄)ရက်လောက်လိုသေးတယ်
ဒီလမှဟိုဒင်းမဖြစ်ဘူးဆိုရင်တော့ အဲဒီတရုတ်အဖိုးကြီးကို အပိုင်ချည်လို့၊တွယ်လို့ရပြီ
ထမင်းကြော်နဲ့ဇလန်ဖားသီးကိုပဲ အပီဆွဲစားပစ်လိုက်တဲ့ ထမင်းဇလုံဟာ အိုးတိုက်ဖွဲပြာနဲ့ပဲ လမ်းမှာတွေ့တာပဲ
ဘယ်လိုလဲ နေကောင်းရဲ့လား ၊ တိုက်ရပါများလွန်းပြီဖြစ်တဲ့ အုန်းဆံဖတ်ကတော့ ထိပ်ပြောင်နေတယ်
စပ်ဖြီးဖြီးပြုံးရင်း ကမ္ဘာ့မြေပုံပေါ်က ဗင်နီဇွဲလားနိုင်ငံကို လက်ညှိုးနဲ့ ထောက်ပြလိုက်တယ်
အမှန်တကယ်တော့ ဘာမှသိလို့မဟုတ်ပါဘူး ၊ အိမ်ငှားကလည်း ဒီအိမ်ပေါ်မှာ ဆေးပေါ့လိပ်သောက်ခွင့်ရှိတာပဲလေ
တစ်ပါတ်အတွင်းမှာတင်တဲ့ ရုံတင်ဇာတ်ကားစာရင်းကို ကြည့်လို့ပြီးသွားပြီလား
မျက်လုံးတွေကို ပရုပ်ဆီလူးပြီး မှိတ်ပစ်လိုက်တော့ ၊ မင်းတို့ကောင်တွေ ...
ဆေးပေါ့လိပ်တို့ ၊ စီးကရက်တို့ကို 'မင်းနဲ့ ၊ ငါနဲ့' သုံးပြီး မပြောကြနဲ့ ၊ သူတို့တွေက နှစ်ရှည်လများပေါက်ရောက်ခဲ့ရတဲ့
သစ်ပင်တွေရဲ့ အသွေးတွေ ... အသားတွေ ...
အိမ်ရှင်က အိမ်ပေါ်ဆောင့်အောင့်ပြီး တက်ချလာမယ် ၊ သူ့ပါးစပ်ထဲမှာ စားလို့၊ဝါးလို့ မပြီးဆုံးသေးတဲ့ ရေမွှေးဖျန်းစက်ကြီး
တစ်ပိုင်းတစ်စနဲ့ ..... ။ ...။


လင်းထက်အောင်


0 မှတ်ချက်ရေးထားသည်။:

Post a Comment