Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

အောင်နိုင်သူတို့ ဘွဲ့ယူမည့် အခမ်းအနာ;

အောင်နိုင်သူတို့ ဘွဲ့ယူမည့် အခမ်းအနာ;


ရင်ခုန်သံများ စီးမျောရာနေရာတစ်ခုဖြစ်ကြောင်း သူနှင့် က၊ျွန်တော်မှလွဲ၍ ဘယ်သူမှမသိသေး။ ဓာတ်ပုံရိုက်လိုသူများသာ စီတန်း၍နေသည်။ ပန်းချီဆရာတစ်ယောက်က ဓာတ်ပုံဆရာတစ်ယောက်ကို ဤသို့ပြောဖူးသည်။
“မင်းတို့ ဓာတ်ပုံဆရာတွေက လောကကြီးရဲ့  သဘာဝအလှတရားတွေကို ကော်ဖီဖျော်ပစ်ဖို့ ကြိုးစားနေတာပါကွာ...“


---------------။---------------





ကျွန်တော် ဆယ်တန်းဖြေပြီး အောင်စာရင်းထွက်ခါနီးက ဖြစ်သည်။ မိဘဆွေမျိုးများက ဝိုင်းမေးကြသည်။
“ဘယ်ကျောင်းတက်မှာလဲ“

“အင်း... အမှတ်အခြေအနေ အရပေါ့“

သူငယ်ချင်းများက မေးသည်။

“ငါ... ဂုဏ်ထူးထွက်ပြီး အမှတ်များရင်တော့ ရေကြောင်းပညာတက္ကသိုလ်တက်ချင်တယ်၊အမှတ်မမှီရင်တော့ လှိုင်သာယာမှာ G.T.C ပဲ သွားတက်မယ်“

“ဟင်... မင်းဟာကလည်း နှစ်ခုလုံး အင်ဂျင်နီယာကျောင်းကြီးပဲ“

ကျွန်တော့်စကားမဆုံးခင် သူတို့က စတင်ဝေဖန်ကြသည်။

“ခုခေတ်က ကွန်ပျူတာခေတ်၊နည်းပညာခေတ်ကွ၊တစ်ကယ်လို့ အဲဒါတွေလည်းမရရင်တော့ ကွန်ပျူတာလည်းမတက်ချင်ဘူးကွာ...“

“ဒဂုံပေါ့ကွာ... ဒဂုံမှာကော... မင်းဘာမေဂျာယူချင်လဲ“

“အင်း... ငါဒဂုံမှာတော့ Psychoတက်ချင်တယ်“

“ဘာလို့လဲ“

“လူတစ်ယောက်က စိတ်နဲ့သာ အရာရာကို လုပ်ဆောင်နေကြရတာလေ၊လူကိုစိတ်ပဲ ဦးဆောင်နေတာမို့လား။ဒါကြောင့်မို့ ကိုယ်က စိတ်ပညာကို နားလည်ထားတော့ လူတစ်ကာနဲ့ ဆက်ဆံပေါင်းသင်းတဲ့အခါမှာ ကိုယ်က တစ်ပန်းသာတာပေါ့ကွာ“

သို့သော်... ကျွန်တော် မည်သည့်ကျောင်းကိုမှ တက်ရောက်ခွင့်မရလိုက်ချေ...။
---------------။---------------





တစ်ခါတုန်းက ရာဇဝတ်လူဆိုးတစ်ဦး ရှိခဲ့ဖူးပါသည်။ သူကား ဖောက်ထွင်းရေး လည်းရ၏။ လူသတ်နှုတ်ပိတ်ခြင်းတွင်လည်း အဆအလွန်တစ်ရာမက ကျွမ်းကျင်သူဖြစ်၏။ ထွက်ပြေးတိမ်းရှောင်မှုတွင်လည်း ဘယ်ရဲစုံထောက်ကမှ သူ့နောက်ကြောင်း ရာဇဝင်ကို ကောင်းကောင်းမသိရသေးပေ။

“No man above the law“

ထိုစကားတို့ကို ရွတ်ဆိုပြီးနောက် သူ... ရဲစခန်းတွင်းသို့ ဝင်ရောက်လာသည်။ မည်သူကမှ မဖမ်းဆီးရပါပဲနှင့် ဖြစ်သည်။ သူ့ကို နာမည်ကြီး သတင်းထောက်တစ်ဦးမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

“ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ ဘယ်သူသိနိုင်မလဲ“

အိမ်လွမ်းသူဟု အမည်ရသော သီချင်းအေးအေးလေးကို ညည်းဆိုရင်း သူကြိုးစင်ပေါ်သို့ ကုနြေ္ဒရစွာ တက်လှမ်းသွားသည်။ တာဝန်ရှိသူများက ဒေါက်ဖြုတ်ခါနီးဆဲဆဲတွင်...

“ခဏနေဦး! အခုတီဗွီမှာလာနေတဲ့ အစီအစဉ်ကို ကျုပ်ကြည့်ချင်တယ်“

သူ၏ နောက်ဆုံးဆန္ဒကား ထိုစကားမတိုင်ခင်က ကွက်လပ်ကြီးဖြစ်နေခဲ့သည်။
---------------။---------------

“သူဟာ တကယ်မရှိတဲ့ သူ့ရဲ့ လှူဒါန်းမှုတွေကို ထုတ်ဖော်ပြောကြားတာကို ကြည့်ခြင်းအားဖြင့်လည်း ဒီလူဟာ စိတ်ဓာတ်မူမမှန်တဲ့ လူတစ်ဦးဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ပြောရဲပါသေးတယ်“

နာမည်ကြီး စိတ္တဗေဒ ပညာရှုင်တစ်ဦးမှ သူ့အပေါ်ဝေဖန်မှတ်ချက်စကားများ ဆိုနေခြင်းဖြစ်သည်။ ဒါပေမယ့် ... စကားအားလုံးက သူသည်“စိတ်မနှံ့သူ” အရူးတစ်ယောက်ဖြစ်နေခြင်းတွင်သာ အဆုံးသတ်သွားသည်။

သူ... ထိုလူကို ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံသာ တစ်ချက်ပြုံးခဲ့သည်။
---------------။---------------


ဟိုးငယ်ငယ်လေးတည်းက ပေါင်းသင်းလာခဲ့သော ကျွန်တော့်ရဲ့  ငယ်သူငယ်ချင်းတစ်ဦးသည် ယခုအခါ... နာမည်ကြီးရှေ့နေတစ်ဦးဖြစ်နေချေပြီ။ သူကိုင်တွယ်ဖြေရှင်းရသော အမှုတိုင်းအောင်နိုင်နေ၍ မဟုတ်။ သူ၏မေးကွင်း၊မေးကွက်များသည် အမှုရင်ဆိုင်နေရသူတိုင်းကို အကျပ်ရိုက်သွား စေနိုင်သောကြောင့်ဖြစ်သည်။
ထိုနာမည်ကြီး စိတ္တဗေဒ ပညာရှင်ကြီးနှင့် ကျွန်တော့်သူငယ်ချင်းတို့ ကျွန်တော့်ရှေ့ တွင်ဆုံမိကြသောအခါ...

“ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ၊ဆရာ့ရဲ့  ယူဆပုံတွေဟာ အပြင်လောကရဲ့  လူတွေမှာရှိတဲ့ စိတ်နေစိတ်ထားတွေနဲ့ တစ်ထပ်တည်းပါပဲ...“

“မလိုပါဘူး မောင်ရင်လေးရယ်...၊မင်းကလည်း ပါးနပ်လွန်းတဲ့ စကားလုံးတွေနဲ့ ငါ့ဆီက သိချင်သမျှတွေကို ရအောင်မေးသွားခဲ့တာပဲ မဟုတ်လား၊ဒါတွေ က မင်းအမှုလိုက်တဲ့အခါမှာ နည်းနည်းလောက် အသုံးဝင်တယ်ဆိုရင်ပဲ ငါကကျေနပ်ပါတယ်“

“နည်းနည်းမဟုတ်ပါဘူး ခင်ဗျာ၊အများကြီးကိုပဲ အသုံးဝင်ပါတယ်၊ဒါနဲ့... ကျွန်တော် နောက်ဆုံးမေးခွန်းလေးတစ်ခုလောက် ထပ်မေးလို့ ရမလားမသိဘူး“

“အင်း... ရတာပေါ့၊မေးလေ...“

“ဆရာကြီးက ကိုယ့်ရဲ့ ယူဆချက်တွေ၊အသိပညာတွေနဲ့ လူတွေရဲ့  စိတ်အခြေအနေကို လုံးဝတွက်ပြနိုင်ခဲ့တယ်နော်၊ဆရာကြီးရဲ့  ပညာတွေနဲ့ ကိုယ့်ကိုယ်ကိုရော... ဘယ်လိုများ ကောက်ချက်ချ ထင်မြင်ယူဆထားလဲ မသိဘူး...“

“အဲ... ဒါက...“

ထိုပါမောက္ခကြီးတွင် လေများရုတ်တရပ် ရှားပါးသွားပုံရသည်။ ထိုစကားအစုအကွဲတို့မှလွဲ၍ နောက်တစ်နေ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည်အ ထိ မည်သည့်စကားကိုမျှ ထပ်မံ၍ မပြောဆိုသွားတော့ချေ။

လွန်ခဲ့သော လအနည်းငယ်က ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်သည် ဇာတ်လမ်းခွေတစ်ခွေကို အတူတူကြည့်ဖြစ်ခဲ့ပါသည်။ အိမ်မှထွက်ပြေးလာခဲ့ သော လူငယ်လေးတစ်ယောက်၏ ဘဝအသိအမြင်များ မှားယွင်းကာ မလှမပ မိုက်ဇာတ်သိမ်းရပုံကို ရိုက်ကူးတင်ပြထားခဲ့သော အခွေလေးဖြစ်ပါသည်။
---------------။---------------

ယခု ကျွန်တော်... မနက်မိုးလင်း အိပ်ယာမှနိုးထသည်နှင့် မျက်နှာသစ်ပါသည်။ မျက်နှာလေး ကြည်လင်ရှင်းသန့်နေဖို့ မဟုတ်ပါ။ ပြီးနောက်... သွားများ ကို ဆေးကြောတိုက်ချွတ်ပါသည်။ သွားများ ဖြူဖွေးကြံ့ခိုင်နေစေဖို့ မဟုတ်ရပါ။
လူသည်... ကိုယ့်မျက်နှာကို ကိုယ်သစ်မှ ကိုယ့်မျက်နှာကို ထိတွေ့ကိုင်တွယ်ခွင့်ရမည် ဖြစ်ပါသည်။ ကိုယ့်သွားကို ကိုယ်တိုက်မှ ကိုယ့်သွား၏ အခြေအနေ ကို သိနားလည်ခွင့်ရမည် ဖြစ်ပါသည်။ ကိုယ့်အလုပ်များကို ကိုယ်သာလုပ်ပြီး ကိုယ့်စိတ်ကို ကိုယ်သာဆန်းစစ်ကြည့်လျှင်တော့...


“ပန်းကလေးများ ပွင့်တော့မည်၊ဖူးတံ ဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း၊ငါတို့ စာသင်ကျောင်း“

ဟုတ်ကဲ့...။ အိမ်မှထွက်ခွါလာပြီးနောက် ကိုယ့်ကိုယ်ကို ဘဝကျောင်းတော်ကြီးထဲသို့ စေလွှတ်ပြီး ကိုယ်လုံးပေါ်ကြည့်မှန်တစ်ချပ် ဝယ်ယူခွင့်ရရန် ကြိုးစား သင့်ပါသေးသည်။ ။










နိယာမတို့ မရှိတဲ့ ဖန်ခွက်


မဝေဝါးချင်စမ်းပါနဲ့ဒီလမ်းမကြီးကို မင်းက...
စေစားချင်သလို နေခိုင်းထားလို့ရပါတယ်...

လမ်းပျောက်နေလို့လား
အင်း... တစ်ချို့ နေရာတွေမှာ လမ်းမရှိဘူး
ကျောက်တောင်ကိုထွင်း ပင်လယ်ကို နင်းဖြတ်ပြီးမှ
ကိုယ့်လမ်းမီးကို ကိုယ်ပဲဖွင့်ရမှာ...

ဘယ်သူလာခေါ်နေတာလဲ
ထားလိုက်ပါ... သူ့ကိုသိုလ်နဲ့သူ သွားလိမ့်မယ်
အချိန်တန်ရင် မင်းလုပ်ရမှာက
ကိုယ့်မျက်နှာကို ကိုယ့်ဘာကို သစ်ဖို့ပဲ...

ဒီလိုနဲ့...
ကိုယ့်သမိုင်းစာမျက်နှာသစ်ကို
ကိုယ်ပိုင်တဲ့ ကညစ်တစ်ချောင်းနဲ့
မီးမောင်းကောင်းကောင်းထိုးပြ
ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရတဲ့ သံလိုက်လှိုင်းဟာ...
မင်းပဲ ဖြစ်လာပါလိမ့်မယ်.....။ ။

0 မှတ်ချက်ရေးထားသည်။:

Post a Comment