Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ကျွန်တော်နှင့် ဒေါက်တာမိသားစု

ကျွန်တော်နှင့် ဒေါက်တာမိသားစု

စကားလုံးတွေ အရမ်းများနေလို့ဖြစ်မယ်
ကျွန်တော် အခုမှစမြင်ဖူးတဲ့ ခင်ဗျားကို မမှတ်မိဘူး ဒေါက်တာ...
ဝမ်းနည်းစရာ စကားတစ်ခွန်းလောက်ပြောချင်တာက
ဟိုရှေ့ဆိုင်းဘုတ်ထဲက ခင်ဗျားရဲ့နာမည်ထက်စာရင်
ခင်ဗျားရဲ့ဘွဲ့ကပဲ ကျွန်တော့်ကို လူသားပိုဆန်စေမလားလို့။

ဟုတ်တာပေါ့ ဒေါက်တာ...
ကျွန်တော့်ကို စိတ်ငြိမ်ဆေး အရင်ထိုးပေးရမှာပေါ့
အပ်ကြီးကြီးနဲ့ထိုးပါ ဒေါက်တာ...
ကျွန်တော့်သူငယ်ချင်းတစ်ယောက် မူးယစ်ဆေးဝါးသုံးနေရင်း
ရှော့ခ်ရလို့ ရှောလ်သွားတာကို မြင်မိပြီးကတည်းက
ကျွန်တော့်စိတ်ဝိညာဉ်အခေါင်းဟာ အပ်သေးရင် နာ...တယ်။

ကျွန်တော် ညဘက်တွေဆို အိပ်ဖို့မဖြစ်နိုင်တော့ဘူး ဒေါက်တာ...
တစ်ခုခုက ကျွန်တော့်ကို အရမ်းအေးမြနေစေတယ်လို့ ခံစားရတယ်
အဲဒါနဲ့ ခြံစောင့်တစ်ယောက် ထပ်ခေါ်လိုက်တယ်
သူက မနက်(၅)နာရီ ပတ်ဝန်းကျင်ဆို အလုပ်စဆင်းပြီ
ကမ္ဘာကြီး၊လောကကြီးအပါအ၀င် ကျွန်တော့်ကို
အူကြောင်ကြောင်လက်တွေနဲ့ ပွေ့ဖက်စောင့်ရှောက်တယ်
ကျွန်တော်လည်း အိပ်တယ်။

ဘာထပ်ဖြစ်သေးသလဲဆိုတော့...
အခုတလော ကျွန်တော် ဆီးသိပ်မထိန်းနိုင်သလိုပဲ ဒေါက်တာ...
အဲဒါနဲ့ပဲ ဆယ်တန်းကျောင်းသူလေးတစ်ယောက်ကို ကျွန်တော်...
မဟုတ်ပါဘူး xxx မလုပ်ပါဘူး xxx မင်းထင်သလို ငါမယုတ်မာဘူး xxx
အဲဒီသီချင်းလေး ကောင်းတယ်ဆိုပြီး ကျွန်တော်ကြိုက်တဲ့ နန်းရင်းဝန်ဇာတ်သမားကြီးက မူးမူးနဲ့ပြောတယ်။

ဟုတ်တာမှ သိပ်ဟုတ်တာပေါ့ ဒေါက်တာ...
မိုးကောင်းကင်ကြီးကို ငရဲအိုးထဲ ထည့်ကြော်မယ့်နေ့
ကျွန်တော်နဲ့ ဆယ်တန်းကျောင်းသူလေးနဲ့
အခန်းထဲကို နမ်းနေရင်းနဲ့ ၀င်... ၀င်...။

ဒေါက်တာ... အဲဒီလောက်ဆို ခင်ဗျားရောဂါအခြေအနေကို ကျွန်တော် သဘောပေါက်ပြီထင်ပါတယ်
မမှားပါဘူး ဒေါက်တာ... မမှားပါဘူး
အဲဒီကောင်မလေးဟာ အဲဒီတုန်းက ဆယ်တန်းကျောင်းသူစစ်လေးပါ
ငှက်ပျောသီး စားကြည့်ပါ ဒေါက်တာ...
ဆယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ တက္ကသိုလ်တက်ချင်တဲ့ အိပ်မက်ဟာ
အရမ်းကိုမှ ဆွတ်ပျံ့လွမ်းမောဖွယ် ကောင်းလှပါတယ်လေ။

ကျွန်တော့်ရဲ့ နာမည်ထက်စာရင်
ဒေါက်တာ့အမေရဲ့ အပ်ချုပ်သမကြီးဆိုတဲ့ ဂုဏ်ပုဒ်ကပိုပြီး
ဒေါက့်တာကို လူလားမြောက်စေခဲ့တာပေါ့နော်။

မျိုးရိုးဗီဇသွေးဆိုတာ မျိုးဆက်တစ်ဆက်စီကျော်ပြီး ငုပ်လျှိုးလိုက်၊ပေါ်ထွန်းလိုက်နဲ့
ကျွန်တော့်အဖေရဲ့ တိုင်းရင်းဆေးသမားတော်ဆိုတဲ့ ရာထူးရာခံ
ဆယ်တန်းကျောင်းသူလေးရဲ့ ပညာတတ်ဖြစ်လာချင်တဲ့ စိတ်ဆန္ဒ၊လောဘ
ဘယ့်နှယ်လဲ... ဒေါက်တာ...
ကျွန်တော် ဈေးထဲကအလစ်သုတ်လာခဲ့တဲ့ ငှက်ပျောသီး... ချိုရဲ့မဟုတ်လား?

ဆယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ခါးမှာ မှဲ့နီတာရဲလေး (၃)လုံးရှိနေတာဟာ
စတီဖင်ဟော့ကင်းဖြစ်ခဲ့တဲ့ မိုတာနျူရွန်းရောဂါများလား ဒေါက်တာ...
အဲဒီအချိန်တုန်းက ကျွန်တော့်ရင်တွေ အရမ်းခုန်နေခဲ့တာဟာလည်း
မိုးကောင်ကင်ကြီးဟာ ငရဲအိုးထဲ ထည့်ကြော်ခံရမှာမို့လား ဒေါက်တာ...
ကျွန်တော်ကတော့ ကျွန်တော့်ရောဂါကို စားသုံးသူတွေကြား
ပျံ့ပျံ့နှံ့နှံ့ ရောက်ရှိသွားစေချင်တယ်လေ။

နန်းရင်းဝန်ကြီး မူးမူးနဲ့သီချင်းအော်ဆိုနေချိန်မှာ ဆယ်တန်းကျောင်းသူလေးက
ငရဲအိုးထဲ ထည့်ကြော်ထားတဲ့ ကောင်းကင်ပူပူစားချင်ကြောင်း
ကျွန်တော့်ကို ပူ... ဆာ... တယ်
သူမအတွက်လည်း အပ်ကြီးကြီးပြင်ထားပါ ဒေါက်တာ...။

ကျွန်တော်ကျွေးတဲ့ ငှက်ပျောသီးကို စားပြီးသွားရင်တော့
ကျွန်တော့်ကိုဒေါက်တာ မေတ္တာစစ်နဲ့ ချစ်ကိုချစ်ပေးရတော့မယ်
ဒါဟာ... အပ်ချုပ်သမကြီးတစ်ယောက်ရဲ့ ပညာတတ်သားအနေနဲ့
လိုက်နာဆောင်ရွက်ရမယ့် ရာဇ၀ံသတစ်ခုပဲ ဒေါက်တာ...။

ကျွန်တော်... စမ်းသပ်ကြည့်ရသလောက်
ဒေါက်တာ့မှာ စကားလုံးတွေ အရမ်းများနေသလိုပဲ
အခုမှစမြင်ဖူးတဲ့ ကျွန်တော့်ကို မှတ်မိလာနိုင်ပါ့မလား ဒေါက်တာ...
ဖြစ်နိုင်မယ်ဆိုရင်... ဒေါက်တာ့အတွက်ပါ... အပ်ကြီးကြီး... တစ်ချောင်းလောက်.....။...။



လင်းထက်အောင်






0 မှတ်ချက်ရေးထားသည်။:

Post a Comment